ABC
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို လာမယ့် မေလ ၂၇ ရက်နေ့ကစတင်ပြီး နိုင်ငံအနှံ့မှာ လူထု လက်မှတ်ထိုး ဆန္ဒပြုပွဲတွေကို ပြုလုပ်သွားမယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ပြောဆိုလိုက်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ ပူးပေါင်းထားတဲ့ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကော်မတီကနေ အခုလို ပြုလုပ်ဖို့ စီစဉ်ထား တာဖြစ်ပြီး နိုင်ငံအနှံ့က ပြည်သူတွေ ပါဝင် လက်မှတ်ထိုး ဆန္ဒပြုနိုင်ဖို့ NLD ပါတီရဲ့ မြို့နယ်အဆင့် ကျေးရွာ အဆင့်ရုံးခွဲတွေမှာ ပြုလုပ်သွားဖို့ စီစဉ်ထား တဲ့အကြောင်း ပြန်ကြားရေး တာဝန်ခံ တစ်ဦးဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသား ကိုဂျင်မီက ပြောပြပါတယ်။
“အခုကတော့ လူထုဟောပြော ပွဲတွေ ဆွေးနွေး ပွဲတွေ ပထမအဆင့် ကျွန်တော်တို့ လုပ်မယ်။ ၂၇ ရက်နေ့က စပြီး တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ကျွန်တော်တို့ လက်မှတ်ရေး ထိုးပွဲတွေ လုပ်မယ်။ လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ် ပွဲတွေ လုပ်မယ်။ အဲဒါက ဘာလဲဆိုတော့ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စား လှယ်တွေကို ကျွန်တော်တို့ ဒါလူထုရဲ့ ဆန္ဒကို ဖော်ထုတ်ပြီးတော့ တင်ပြပြီးတော့ ၄၃၆ ပြင်ဆင်ပေး ဖို့အတွက် ကျွန်တော်တို့ တောင်းဆိုမှာ။ အဲတော့ တပ်မတော်သား တွေကိုလည်း တောင်းဆိုမယ်။ လွှတ်တော် တစ်ရပ်လုံးလဲ တောင်းဆိုမယ်။”
ပုဒ်မ ၄၃၆ ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အဓိက ချုပ်ချယ် ကန့်သတ်ထားတဲ့ ဥပဒေပုဒ်မ တစ်ခုဖြစ်တဲ့ အတွက် ပုဒ်မ ၄၃၆ ပြင်ဆင်မှသာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီပုဒ်မကို ပြင်ဆင်ဖို့ မြန်မာနိုင်ငံရဲ့ အဓိက မြို့ကြီးတွေမှာ NLDနဲ့ ၈၈ ပွင့်လင်း လူ့အဖွဲ့ အစည်းတို့ ပူးပေါင်းပြီး ဟောပြောဆွေးနွေးပွဲတွေ ဆက်တိုက် လုပ်နေပါတယ်။ အနုပညာ သမားအယောက် ၃၀ လောက်ဟာလည်း ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ ပြီးခဲ့တဲ့ သောကြာနေ့က လက်မှတ်ထိုး တောင်းဆိုခဲ့ပါတယ်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထု လက်မှတ်ထိုး ဆန္ဒပြုပွဲကို မေလ ၂၇ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့ထိ လုပ်ဆောင်သွားမှာဖြစ်ပြီး ဒီပုဒ်မဟာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လုပ်ပိုင်ခွင့် အာဏာကို ထိမ်းချုပ်ထားတဲ့ ဥပဒေတစ်ခု ဖြစ်သလို ဒီမိုကရေစီ အပါအဝင် တိုးတက်မှု အားလုံးကို ပိတ်ပင် ထားတဲ့ ဥပဒေ ပုဒ်မ တစ်ခု ဖြစ်တဲ့အတွက်ကြောင့် ပြင်ဆင်လိုတာ ဖြစ်တယ်လို့ ကိုဂျင်မီက ဆက်လက်ပြောဆိုခဲ့ပါတယ်။
“ပြည်သူလူထုကနေ တိုက်ရိုက်ရွေး ချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေရဲ့ လုပ်ပိုင်ခွင့် အာဏာကို ထိမ်းချုပ်ထားပြီးတော့ ဒီမိုကရေစီအပါအဝင် တိုးတက်မှု အားလုံးကို ပိတ်ပင်တားဆီးထားတဲ့ ပုဒ်မပေါ့ဗျာ၊ လုပ်ထုံး လုပ်နည်း ဖြစ်နေတယ်။ အဲဒီ လုပ်ထုံးလုပ်နည်းတွေဟာ နောင်အနာဂတ်အတွက် နောင်လာနောက်သားတွေအတွက် ကျွန်တော်တို့ဟာ သူတို့ ပြင်ချင်တဲ့ အချိန်မှာ အလွယ်တကူ ပြင်နိုင်အောင်လို့ ၄၃၆ ကို မဖြစ်မနေ ပြင်ရမယ်ဆိုတာဘဲ ပြောချင်တယ်။”
ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ လွှတ်တော် ပြင်ပ ကြိုးပမ်းနေတာနဲ့ ပက်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် အချို့က ဝေဖန်မှုတွေ ပြုလုပ်နေကြကြောင်းလည်း ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ထားပါတယ်။
No comments:
Post a Comment