Mizzima
စာရေးဆရာမသန်းမြင့်အောင်သည် ပြည်သူ့ဂုဏ်ရည်ဆုမှ ရရှိလာသည့်ဆုငွေ အမေရိကန်ဒေါ်လာတစ်သောင်းကို ၎င်း၏ပရဟိတလုပ်ငန်းများ လုပ်ကိုင်ရာတွင် ထည့်သွင်း အသုံးပြုသွားမည်ဟု ဆရာမသန်းမြင့်အောင်ကပြောသည်။
“ ဒီဆု ရတယ်ဆိုတာကို မေ၂၄ရက်နေ့ ကမှသိရတာပါ။ကိုယ်လုပ်နေတဲ့ အလုပ်တွေမှာ အသုံးပြုမယ်လို့စဉ်းစားထားပါတယ်” ဟု ၎င်းကပြောသည်။ ယင်းဆုသည် ပြည်ပရောက်မြန်မာများအဖွဲ့မှ ချီးမြင့်သည့် ပြည်သူ့ဂုဏ်ရည်ဆု (Citizen Of Burma Award) ဆုကို စာရေးဆရာမသန်းမြင့်အောင်က ပဉ္စမအကြိမ်မြောက် ချီးမြင့် ခြင်းတွင် ရရှိခဲ့သည်ဖြစ်ပြီး မြန်မာပြည်အတွင်းရှိ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကိုကိုယ်ကျိုးစွန့် ဆောင်ရွက်နေကြသည့် သူများသည်ကိုယ်ကျိုးမဖက်ပဲ ပရဟိတ လုပ်ငန်းများလုပ်ဆောင်နေခြင်းကို လေးစားသောအားဖြင့် ချီးမြင့်ကြခြင်း ဖြစ်သည်။
ပြည်သူ့ဂုဏ်ရည်ဆု (Citizen Of Burma Award) ဆုကိုပြည်ပရောက်မြန်မာများဖွဲ့က ချီးမြင့်သော်လည်း ဆုရရှိအောင် အကျိုးမျှော်ကိုးပြီး လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဟု ဆရာမသန်းမြင့်အောင်ကပြောသည်။
ယင်းအပြင် ပရဟိတ လုပ်ကိုင်လိုသူ များအနေဖြင့်ကိုယ်ကျိုး မငဲ့ကွက်ပဲ ပရဟိတအလုပ်ကို စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားစေချင် သည်ဟု ဒေါ်သန်းမြင့်အောင်က ပြောသည်။
ပြည်ပရောက်မြန်မာများအဖွဲ့မှ ချီးမြင့်သည့် ပြည်သူဂုဏ်ရည်ဆု (Citizen Of Burma Award) ဆုကို ၂ဝ၁ဝ ခုနှစ်မှ စတင်ချီးမြင့်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁ဝ ခုနှစ်တွင် နာရေးကူညီမှု့အသင်းမှ ဦးကျော်သူ၊ ၂ဝ၁၁ ခုနှစ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသည့် ဒေါ်ရှု့ ၊ ၂ဝ၁၂ ခုနှစ်တွင်ကချင်လူမျိုး တစ်ဦးဖြစ်သည့် လထိုင်နော်မိန်းနှင့် ၂ဝ၁၃ ခုနှစ်တွင် ပညာရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် NLD ပညာရေးကွန်ရက် ကရ ရှိခဲ့ကာ ယခု ၂ဝ၁၄ ခုနှစ်အတွင်း၌ ပြည်သူအကျိုးပြု လုပ်ငန်းများဆောင်ရွက်နေသည့် စာရေးဆရာမသန်းမြင့်အောင် ကရရှိခဲ့ခြင်းဖြစ်သည်။
ပြည်ပရောက် မြန်မာများအဖွဲ့မှ ချီးမြင့်သည့် ပြည်သူဂုဏ်ရည်ဆု (Citizen Of Burma Award) ဆု ပဉ္စမမြောက် ချီးမြင့်ခြင်းကို အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ Plam Beach Gardens မြို့တွင် ၂ဝ၁၄ ခုနှစ်မေလ၂၄ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။ စာရေးဆရာမသန်းမြင့်အောင်သည် ပရဟိတလုပ်ငန်းများကို ကိုယ်ကျိုးစွန့် လုပ်ကိုင်ဆောင်ရွက်နေသည့်အပြင် ဝတ္ထုတို ၊ ဝတ္ထရှည်များလည်း ရေးသားနေသည့် စာရေးဆရာမ တစ်ဦးဖြစ်ပြီး ၎င်း၏နောက်ဆုံး ထွက်ရှိထားသည့် စာအုပ်သည် “ သူ၏ကောင်းကင်” ဟု အမည်ပေးထားပြီး မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ဦးထွန်းလွင် ၏ အကြောင်းကို ရေးသားထားသော စာအုပ်ဖြစ်သည်။
No comments:
Post a Comment