Tuesday, May 6, 2014

မျိုးစောင့်ဥပဒေကို အဖွဲ့အစည်း ၁၀၀ လောက်က ကန့်ကွက်

ABC

နိုင်ငံတော် ​သမ္မတကနေ ​မျိုးစောင့် ​ဥပဒေ ​မူကြမ်းရေးဆွဲပြီး ​လွှတ်တော်မှာ ​အတည်ပြု ​ပြဌာန်းနိုင်ဖို့ ​ကော်မရှင်တစ်ရပ်ဖွဲ့စည်း ​တာဝန်ပေးခဲ့တဲ့အပေါ်မှာ ​ပြည်တွင်းမှာ ​ရှိနေတဲ့ ​အမျိုးသမီးအဖွဲ့တွေနဲ့ ​အရပ်ဘက်လူ့အဖွဲ့အစည်းပေါင်း ​၁၀၀ ​လောက်က ​ကန့်ကွက်ခဲ့ကြပါတယ်။

အမျိုးသမီးအခွင့်အရေးနဲ့ ​တန်းတူရေးအတွက် ​မျိုးစောင့်ဥပဒေအပေါ် ​ကန့်ကွက်ကြောင်း ​ပြောဆိုထားပြီး ​အမျိုးသမီးတွေရဲ့ ​ဘဝကို ​တကယ်မြှင့်တင်ပေးနိုင်မယ့် ​အကြံပြုချက်တွေအပါအဝင် ​အချက်ပေါင်း ​၂၀ ​လောက်ပါဝင်တဲ့ ​ထုတ်ပြန်ချက် ​တစ်စောင်ကို ​အဖွဲ့အစည်းပေါင်း ​၁၀၀ ​လောက်က ​အားလုံး ​လက်မှတ်ရေးထိုး ​ထုတ်ပြန်ခဲ့တဲ့အကြောင်း ​Peace ​Network ​က ​မမေစပယ်ဖြူက ​ပြောပြပါတယ်။

“အဓိကကတော့ ​အခုလက်ရှိမှာ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေနဲ့ ​ပြည်တွင်းငြိမ်းချမ်းရေးက ​ကျွန်မတို့ ​နိုင်ငံအတွက် ​အဓိက ​အရေးကြီးဆုံး ​ရှိပါတယ်။ ​အဲတော့ ​အခုလို ​အရေးကြီးတဲ့ ​အချိန်မှာ ​ဘာသာရေးကို ​အခြေခံပြီးတော့ ​ပွင့်ပွင့်လင်းလင်းပြောရရင် ​နိုင်ငံရေးအရ ​လှုပ်ရှားနေတဲ့ ​ဒီလှုံ့ဆော်မှုက ​အစွန်းရောက်အကြမ်းဖက်တဲ့ ​ပဋိပက္ခတွေကို ​ဖြစ်စေနိုင်တယ်။ ​အဲတော့ ​ကျွန်မတို့ ​ဒီငြိမ်းချမ်းစွာ ​အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ ​မူနဲ့လည်း ​ကိုက်ညီမှု ​လုံးဝမရှိဘူး။ ​နောက် ​၂၀၁၅ ​ရွေးကောက်ပွဲ ​နီးလာတာနဲ့ ​အမျှ ​အာရုံလွှဲတဲ့ ​ကိစ္စတွေထဲက ​တစ်ခုလို့ ​ကျွန်မတို့က ​မြင်တယ်။ ​ကန့်ကွက်တာ ​ဖြစ်တယ်ပေါ့။”


မျိုးစောင့် ​ဥပဒေ ​ပြဌာန်းဖို့ ​ပြင်ဆင်တာဟာ ​အမျိုးသမီးတစ်ဦးရဲ့ ​မွေးရာပါ ​အခွင့်အရေးကို ​ဖိနှိပ်ချုပ်ချယ်မှု ​ပြုတာဖြစ်ပြီး ​အမျိုးဘာသာ၊ ​သာသနာနဲ့ ​ယဉ်ကျေးမှု ​ထိန်းသိမ်းစောင့်ရှောက်ဖို့ ​တာဝန်ကို ​အမျိုးသမီးတွေအပေါ် ​ပုံချလိုက်တာဖြစ်တယ်လို့ ​ဆိုပါတယ်။

မျိုးစောင့် ​ဥပဒေကို ​ထောက်ခံသူ ​လူဦးရေ ​၃ ​သန်းကျော်ရှိနေပြီး ​သမ္မတ ​ဦးသိန်းစိန်အနေနဲ့လည်း ​မျိုးစောင့် ​ဥပဒေ ​မူကြမ်း ​ထွက်ရှိလာဖို့ ​ကော်မရှင် ​တစ်ရပ်ဖွဲ့စည်းပေးခဲ့ပါတယ်။

ဒါပေမယ့် ​မျိုးစောင့် ​ဥပဒေ ​ပြဌာန်းဖို့အပေါ် ​လွှတ်တော်တွင်းမှာလည်း ​အငြင်းပွားမှုတွေ ​ဖြစ်ပေါ်နေပြီး ​ပြစ်ဒဏ်တွေနဲ့ ​တားမြစ်ချက်တွေကလည်း ​ပြင်းထန်လွန်းတယ်ဆိုပြီး ​အငြင်းပွားနေကြတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ထားပါတယ်။

No comments: