Monday, May 5, 2014

ရခိုင်မျိုးချစ်များဖြင့် ဖွဲ့စည်းထားသော ရက္ခိုင့်တပ်မတော်မှ ဒေါက်တာ ညိုထွန်းအောင်နှင့် အဖွဲ့အား စစ်တွေမြို့လူထု ၁ သောင်းခန့် ကြိုဆို

လှမောင် (စစ်တွေ)

ကျောက်ဖြူမြို့တွင် ကျင်းပသော ရခိုင်အမျိုးသားညီလာခံသို့ တက်ရောက်လာသည့် ရက္ခိုင့်တပ်မတော် AA မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်နှင့် အဖွဲ့ ယနေ့ စစ်တွေမြို့သို့ ရောက်ရှိကာ မြို့လူထုများမှ လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။

၎င်းအဖွဲ့သည် ကျောက်ဖြူမှ ၁၁ နာရီ ၅၀ မိနစ်တွင် ရွှေပြည်တန် အထူးရေယာဉ်ဖြင့် ထွက်ခွာလာပြီး စစ်တွေမြို့သို့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကာ ပိတောက်စည်တီးခတ်၍ မြို့လူထု ၁ သောင်းခန့်က ပန်းကုံးများစွပ်ပြီး ကြိုဆိုခဲ့ကြသည်။

ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်သောအဖွဲ့တွင် ထိုင်းဘက်ဆိုင်ရာ စစ်ဒေသတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး ကျော်ဟန်၊ ပြည်သူ့ဆက်ဆံရေးနှင့် စည်းရုံးရေး (ထိုင်း) တာဝန်ခံ ထွန်းမင်းနိုင်၊ သတင်းနှင့် ပြန်ကြားရေးဌာနမှ အရာရှိ ဗိုလ်မှူး စောမောင်၊ ရဲမေ တင်အေးခိုင်နှင့် အခြား ရဲဘော်ရဲမေများလည်း ပါဝင်ကြောင်း သိရသည်။

ယင်းအဖွဲ့သည် စစ်တွေမြို့ကို လောကာနန္ဒာစေတီတော်မြတ် လမ်းမကနေ နာရီစင်ရှိ လမ်းမအတိုင်း လျှောက်လည်ကာ ဦးဥတ္တမ ပန်းခြံရှေ့တွင် ရပ်တန့်ပြီး ဆရာတော် အသျှင် ဦးဥတ္တမအား ရှိခိုးကန်တော့ ခဲ့ကြသည်။ ဆက်လက်ပြီး စစ်တွေမြို့ကို လျှောက်လည်ခဲ့ကာ ပြည်သူများအား ကားထက်ကနေ အားရ၀မ်းသာစွာဖြင့် လက်ပြနုတ်ဆက်ကြသည်။

ရက္ခိုင့်တပ်မတော်အဖွဲ့သည် မနက်ဖြန် နံနက် ၈ နာရီကနေ နေ့လယ် ၁၂ နာရီ ထိ အောင်မြေကုန်း ကျောင်းတိုက်တွက် စစ်တွေမြို့ခံများနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။

No comments: