Monday, May 5, 2014

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမြအေး ဆေးရုံတက်ရ

တင်ဇာအောင်

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးသည် မေလ ၃ရက်တွင် နှလုံးသွေးကြောမ သုံးခု ပိတ်သောကြောင့် ရန်ကုန် ပန်းလှိုင်အထူးကု ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ပြီး မေလ ၄ ရက်နံနက်ပိုင်းတွင် ဆေးရုံမှ ပြန်ဆင်းခဲ့သည်ဟု ကိုမြအေးက သူ၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

ဆေးစစ်ချက်များ အရ ကိုမြအေး၏ နှလုံးသွေးကြောမကြီးသုံးခု ပိတ်နေပြီး သွေးကြောမျှင်များက ဆက်လက် လည်ပတ်နေခြင်းကြောင့် အသက်ရှင်နေခြင်း ဖြစ်သည်ဟုလည်း ရေးသားထားသည်။

ကိုမြအေး၏ လူမှုကွန်ရက်တွင် “ အဖြေကတော့ ပုံမှာအနီနဲ့ ဝိုင်းပြထားတဲ့အတိုင်း နှလုံးသွေးကြောမကြီး သုံးခုလုံး လုံးဝပိတ်သွားပါပြီ။ ကံကောင်းတာက သွေးကြောမျှင်လေးတွေက သူ့အလိုလို by pass (အလုပ်လုပ်ပြီး) ဖြစ်ပြီးသွေးလည်ပတ်နေတာကြောင့် ကျွန်တော်အသက်ဆက်ရှင်နေတာပါ။ အဆိုးထဲကအကောင်း ဆိုပါတော့။ Stent (သွေးကြောချဲ့ ထောက်ကူပစ္စည်း) ထည့်လို့လည်း မရတော့ပါဘူး"ဟု ရေးသားထားသည်။

ကိုမြအေး၏ ရောဂါအတွက် ခွဲစိတ်မှု ပြုလုပ်ရန်လည်း မလွယ်ကူသေးဘူးဟုလည်း သူကဆိုသည်။

သူ၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက “ ဆိုးရွားတာ မရှိသေးပါဘူး။ လှုပ်လှုပ်ရှားရှား လုပ်နိုင်ပါတယ်။ ဆေးသောက်၊ လေ့ကျင့်ခန်း လုပ်တာတွေ လုပ်ရမှာပါ။ သူ့အလုပ်တွေကိုလည်း ပုံမှန် ဆက်လုပ်မှာပါ" ဟု မဇ္ဈိမကို ပြောသည်။

ကိုမြအေးသည် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ကဏ္ဍကို တာဝန်ယူထားသူ ဖြစ်ပြီး ၎င်း၏ အလုပ်များကို ဆက်လက်လုပ်ကိုင်သွားမည် ဟုလည်း ကိုဂျင်မီက ဆိုသည်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ မနီလာသိန်းကလည်း “ သူက အရမ်းစိတ် ဆောင်တဲ့သူပါ။ လွန်ခဲ့ ငါးနှစ်၊ ခြောက်နှစ် လောက်ကတည်းက နှလုံးက ဖြစ်နေတာ။ သူ နောက်ဆုံးအကြိမ်
ထောင်ကျတဲ့ လွိုင်ကော် ထောင်မှာတုန်းကလည်း heart attack (နှလုံး ပြင်းထန်စွာ တိုက်ခိုက်မှု) ဖြစ်သေးတယ်" ဟု ဆိုသည်။

ကိုမြအေး ဆေးရုံတက်ရသည့် အချိန်အတွင်း သူ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် သူ့ကျန်းမာရေးအတွက် ဝိုင်းဝန်း ဆုတောင်းပေးခဲ့သည်များကိုလည်း တွေ့ရသည်။

No comments: