Tuesday, May 6, 2014

NCCT နှင့် ဆွေးနွေးရန် ကျန်သည့် ၄၅ ချက် အစိုးရဘက်က ထက်ဝက်လိုက်လျောရန် ပြင်ဆင်

ဝင်းကိုကိုလတ်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအရေးအဖွဲ့(NCCT)နှင့် ဆွေနွေးရန်ကျန်သည့် အချက် ၄၅ ချက်ကို အစိုးရဘက်မှ ထက်ဝက်လိုက်လျောနိုင်ရန် ပြင်ဆင်ထားသည်ဟု ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောသည်။

“ကျွန်တော်တို့ဘက်က အပြည့် ၁၀၀ရာခိုင်နှုန်းအပြည့် လိုက်လျောပေးရမယ်ဆိုရင်တော့ မတရားဘူး။ သူ့ဘက်ကလည်း တစ်ဝက်လျော့ ကိုယ့်ဘက်ကလည်း တစ်ဝက်လျော့ဆိုရင်တော့ ပြီးသွားမှာပါ။ အခုကျွန်တော်တို့ဘက်က တစ်ဝက်လျော့နိုင်အောင် ပြင်ဆင်ထားပြီးသားပါ” ဟု ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် မြန်မာအစိုးရတို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမူကြမ်းအတွက် အချက်ပေါင်း ၁၂၂ ချက်အနက် ၇၇ချက်ကို သဘောတူညီပြီး ဆွေးနွေးရန် ကျန်ရှိနေသည့် ၄၅ ချက်ကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

"ကျွန်တော်တို့ လူကြီးတွေကို ဒါတွေကိုတင်ပြတယ်။ အဲဒီ ၄၅ ချက်ထဲက ကျွန်တော်မှန်းကြည့်တာပေါ့နော်။ ကျွန်တော်တို့ဘက်က တစ်ဝက်လောက်တော့ လိုက်လျောပေးတာပေါ့။ ကျွန်တော်တို့ ဘက်က တစ်ဝက်လိုက်လျောပေးတယ်။ သူတို့ဘက်က တစ်ဝက် လိုက်လျောပေးတယ်ဆိုရင်တော့ ဒါဆိုပြီးသွားမှာပေါ့" ဟု ဦးအောင်မင်းက ပြောသည်။

ဆွေးနွေးရမည့် အချက် ၄၅ ချက်ကို ကြည့်ပါက နိုင်ငံရေးဆွေးနွေးပွဲတွင်သာ ဆွေးနွေးရမည့် အချက်များဖြစ်နေပြီး ယင်းအချက်များကို နိုင်ငံရေးဆွေးနွေးပွဲတွင်သာ ဆွေးနွေးမည်ဆိုပါက အပစ်အခတ်ရပ်စဲရေးကို မနက်ဖြန်လက်မှတ်ရေးထိုးနိုင်မည်ဟုလည်း ဦးအောင်မင်း က သုံးသပ်ထားသည်။

"သူတို့ကလည်း ဘာလို့ဒီဥစ္စာကို အခုဆွေးနွေးချင်လဲဆိုတော့ အာမခံချက်လိုချင်တယ်။ အာမခံချက်လိုချင်လို့ အခုဒီမှာ ဆွေးနွေးမယ် ဆိုပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးရမယ့် အချက်တွေကို ဒီမှာ လာဆွေနွေးတဲ့အခါကျတော့ အချိန်ပိုကြတာပေါ့" ဟု ဆိုသည်။

NCCTနှင့် ဆွေးနွေးပွဲများကို ယခု မေလအတွင်း ပြန်လည်ကျင်းပနိုင်မည်ဟု ခန့်မှန်းထားပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နှင့် ၁၃ရက်တွင် တွေ့ဆုံအပြီး တစ်ပတ်ခန့်ခွာ၍ မေလ ၂၀ ရက်ဝန်းကျင်၌ တွေ့ဆုံဆွေးနွေးရန် လျာထားပြီးဖြစ်သည်။

"ဆွေးနွေးလို့ ဒါ ၄၅ ချက်လုံကို ရှင်းနိုင်ပြီဆိုရင် ဒါဆိုပိုနီးစပ်သွားတာပေါ့။ မှန်းကြည့်တာတော့ (တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး) ဒီဇူလိုင်၊ သြဂုတ်လောက်တော့ ဖြစ်မှာပေါ့။ ခင်ဗျားတို့လည်း ဟို NCCT ဆွေးနွေးပွဲရဲ့ ကြော်ညာချက်တွေလည်း တွေ့တာပဲ။ တပ်မတော်ကလည်း သြဂုတ်လ ၁ ရက် နောက်ဆုံးထားပြီးတော့ လက်မှတ်ထိုးချင်တယ်လို့ သူရဲ့ သဘောထားကြေငြာထားတာပဲ"ဟု ဦးအောင်မင်းကပြောသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ တစ်ဖက်စီ ရေးဆွဲထားသည့် မူကြမ်းနှစ်စောင်ကို ဧပြီလဆန်းပိုင်းက မူကြမ်းတစ်စောင်တည်း (Single Text) အဖြစ် ရေးဆွဲနိုင်ခဲ့ပြီး ပါဝင်သည့် အချက်များပြန်လည်ညှိနှိုင်းနေခြင်းဖြစ်သည်။

No comments: