Tuesday, June 10, 2014

အမေရိကန် Ball နှင့် ဂျပန် Toyo Radiator ကုမ္ပဏီတို့ သီလဝါတွင် ပထမဆုံး ရင်းနှီးမြှပ်နှံ

ထင်လင်းအောင်

သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှပ်နှံမည့် ကုမ္ပဏီများအဖြစ် ပထမဆုံး လက်မှတ်ရေးထိုးလိုက်ကြသော အမေရိကန်ကုမ္ပဏီ နှင့် ဂျပန်ကုမ္ပဏီနှစ်ခုစလုံးသည် ထုတ်ကုန်လုပ်ငန်းစက်ရုံများ တည်ဆောက်သွားမည်ဟု သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က မဇ္ဈိမကို ပြောသည်။

အမေရိကန်နိုင်ငံမှ ပုလင်းခွံ ၊ သံဗူးခွံ မျိုးစုံ ထုတ်လုပ်သည့် Ball ကုမ္ပဏီ နှင့် ဂျပန်နိုင်ငံမှ ကားအပို ပစ္စည်းများထုတ်လုပ်သည့် Toyo Radiator ကုမ္ပဏီတို့သည် မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးတိုးတက်ရေးလီမိတက် (MJTD)နှင့် မြေယာဝယ်ယူခြင်းဆိုင်ရာ လက်မှတ်ရေးထိုးခြင်းကို ဇွန်လ ၆ ရက်က ဆောင်ရွက်ခဲ့သည်။ မြေကွက်ဝယ်ယူမှုများအတွက် Ball ကုမ္ပဏက ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်တွင် လက်မှတ်ရေးထိုးခြင်းဖြစ်ကာ Toyo Radiator ကုမ္ပဏီကမူ ဂျပန်နိုင်ငံတွင် လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်သည်။

ဦးဆက်အောင် က“ ဒီကုမ္ပဏီ နှစ်ခုစလုံးဟာ သီလဝါမှာဝင်ပြီး လုပ်ကိုင်မယ့် ပထမဆုံး ရင်းနှီးမြှပ်နှံသူတွေ ဖြစ်ပါတယ်။ ကုမ္ပဏီနှစ်ခုစလုံးက သီလဝါဇုန်မှာပဲ စက်ရုံတည်ဆောက်ပြီး ကုန်ချောထုတ်မယ့် ကုမ္ပဏီတွေလည်း ဖြစ်ပါတယ် ”ဟု ပြောသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှပ်နှံမှု ဝင်ရောက်ရန်အတွက် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကုမ္ပဏီ ၄၅ ခုက အဆိုတင်သွင်းထားသည့်အနက် စက်ရုံတည်ဆောက်ရန် မြေကွက်ဝယ်ယူရေး လက်မှတ်ရေးထိုးခြင်းကို အဆိုပါ ကုမ္ပဏီနှစ်ခုက ပထမဆုံးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Ball ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာအကြီးအကဲဖြစ်သူ Mr Scott Morroson က “ Ball အနေနဲ့ သီလဝါမှာ ကနဦးရင်းနှီးမြုပ်နှံမှုကို ကန်ဒေါ်လာ သန်း၎ဝ အသုံးပြုသွားမှာဖြစ်ပါတယ်။ စက်ရုံ စတင် တည်ဆောင်မှုကိုတော့ မိုးရာသီအကုန်မှာ ဆောင်ရွက်သွားဖို့ရှိတယ် ”ဟုပြောသည်။

ကားအပိုပစ္စည်းများ ထုတ်လုပ်မည့် Toyo Radiator ကုမ္ပဏီကမူ မြေယာဝယ်ယူခြင်းဆိုင်ရာ လက်မှတ် ရေးထိုးထားခြင်းသာရှိပြီး လုပ်ငန်းဆောင်ရွက်မှု အသေးစိတ်ကိုမူ စီမံကိန်းရေးဆွဲနေဆဲဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ ဒုတိယသံမှူး Mr Ichiro Maruyamaက မဇ္ဈိမကိုပြောသည်။

ဒုတိယသံမှူး Mr Ichiro Maruyama က “Toyo Radiator အနေနဲ့က သီလဝါမှာ ရင်းနှီးမြှပ်နှံဖို့ အတွက် ဒီနေ့မှာပဲ ဂျပန်မှာလက်မှတ်ရေးထိုးလိုက်တာပါ။ ဒါပေမဲ့ ဘယ်လောက်ရင်းနှီးမြှပ်နှံမှု ပမာဏနဲ့ လုပ်ငန်းအစီအစဉ်တွေက အခုမှစပြီး လုပ်ကြမှာဖြစ်တဲ့အတွက် ခန့်မှန်းဖို့မလွယ်သေးဘူး”ဟုပြောသည် ။

Ball ကုမ္ပဏီသည် Coca Cola အချိုရည်၊ PEPSI အချိုရည် နှင့် Sunkist အချိုရည်များ အတွက်လိုအပ်သည့် ဗူးခွံများကို တင်သွင်းပေးနေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး သီလဝါတွင်စက်ရုံတည် ဆောက်ပြီးပါက ပြည်တွင်း၌ ထုတ်လုပ်သွားမည်ဟု Ball ကုမ္ပဏီ၏ မြန်မာပြည်တာဝန်ခံမန်နေဂျာ ဦးမင်းတလဉာဏ် ကပြောသည်။

မြန်မာနိုင်ငံ၌ အမေရိကန်၏ ရင်းနှီးမြုပ်နှံမှုပမာဏသည် (၂ဝ၁၄ ဧပြီလ ၃၁ ရက်အထိ) ကုမ္ပဏီပေါင်း ၁၅ ခုမှ ကန်ဒေါ်လာ ၂၄၃ သန်းကျော်ရှိနေပြီး နိုင်ငံအလိုက်ရင်းနှီးမြုပ်နှံမှု ပမာဏ၏ အဆင့်၁၃ နေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။ ဂျပန်နိုင်ငံမှာမူ ကုမ္ပဏီပေါင်း ၄၆ ခုက ကန်ဒေါ်လာ ၃၂၇ သန်းကျော်ဖြင့် အဆင့် ၁ဝ တွင် ရပ်တည်နေသည်။

No comments: