Tuesday, June 10, 2014

မိုင်းပျဉ်း အင်အန်လ်ဒီ ဒု-ဥက္ကဋ္ဌ အသတ်ခံရမှု လွှတ်တော်ကို တင်ပြမည်

ဂျွန်ချစ်ငြိမ်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မိုင်းပျဉ်းကျေးရွာ NLD ဒုဥက္ကဋ္ဌ ဦးစိုင်းစံထွန်းအား အမည်မသိ သေနတ်သမားများက သတ်ဖြတ်ခဲ့မှုကို ပြည်သူ့လွှတ်တော်အထိ တင်ပြပေးသွားမည်ဟု တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက မဇ္ဈိမကို ဇွန် ၇ ရက်တွင် ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များမှတဆင့် တင်သွင်းပေးသွားမည်ဖြစ်ပြီး NLD ဗဟိုကော်မတီဝင် အစည်းအဝေးအပြီး လွှတ်တော် ပြန်လည် တက်ရောက်ချိန်၌ တင်နိုင်ရန် ရည်ရွယ်ထားသည်ဟု ဦးတင်မောင်တိုးက ဆိုသည်။

" ဥပဒေ လက်လှမ်းမမှီတဲ့နေရာမှာ နေရတဲ့ တိုင်းရင်းသားတွေရဲ့ ဘဝကို ဘယ်လိုကာကွယ်ပေးမလဲ၊ နောက်ပြီးတော့ အများအကျိုး ဆောင်ရွက်ပေးနေသူတွေကို လုပ်ကြံသတ်ဖြတ်နေတာ တရားခံလည်း မပေါ်ဘူး၊ ကြာလာရင် ပိုပြီးတော့မှ လူသတ်သမားတွေ ဇာတ်ရဲလက်ရဲ ဖြစ်လာမှာစိုးတဲ့ အတွက် ကျေးလက်နေပြည်သူတွေ၊ ပါတီဝင်တွေကို ကာကွယ်ပေးဖို့ လုပ်ပေးတဲ့အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်က တဆင့် လွှတ်တော်ကို တင်ပေးသွားမှာ ဖြစ်တယ် " ဟု ဦးတင်မောင်တိုးက ပြောသည်။

အင်အန်လ်အယ်ဒီ အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌဦးစိုင်းစံထွန်းသည် ဇွန်လ ၄ ရက် ညပိုင်း ၉းဝဝ နာရီအချိန်ခန့်က အမည်မသိ လူနှစ်ဦးက နေအိမ်မှ လာရောက်ခေါ်ဆောင်သွားပြီး နေအိမ်နှင့် မလှမ်းမကမ်းနေရာတွင် သေနတ်ဖြင့် သုံးချက် ပစ်သတ်ခြင်းခံခဲ့ရသည်ဟု ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ဝင်းက မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

အသတ်ခံရသူအား လူနှစ်ဦးက လာရောက်ခေါ်ဆောင်သွားခဲ့ပြီး ၅မိနစ် ၆မိနစ် အကြာတွင် သေနတ်သံကြားရသည့်အတွက် ဦးစိုင်းစံထွန်း၏ သမီးဖြစ်သူက ဖခင်ဖြစ်သူ ပျောက်နေသည့်အတွက် ရွာလူကြီးအား သွားရောက်ပြောကြား၍ ရွာလူကြီးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အိမ် နှင့် မလှမ်းမကမ်းရှိ လယ်ခင်း အနီး ဦးခေါင်းနောက်စေ့တွင် သေနတ်ဒဏ်ရာ သုံးချက်ဖြင့်သေဆုံးနေပြီး အလောင်းနံဘေး၌ ကျည်ခွံသုံးခုနှင့် လက်နှိပ်ဓာတ်မီးကို တွေ့ရှိခဲ့ခြင်းဖြစ်သည် ဟု ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ဝင်းက ပြောသည်။

"ကျွန်တော်တို့ ရဲလုပ်ငန်းအရတော့ ဒီအမှုကို စုံစမ်းနေတုန်း ရှိပါသေးတယ်၊ တရားခံ အစစ်အမှန်ကို ဖော်ထုတ်ဖို့ နည်းမျိုးစုံနဲ့ လိုက်နေပါတယ်၊ အမှုမှန်မပေါ်ပေါက်သေးတဲ့ ကာလမှာ ကျွန်တော်ဘာလုပ်နေတယ်၊ ဘယ်လို လုပ်နေတယ်ဆိုတာ ကျွန်တော်တို့အလုပ်ဖြစ်တဲ့အတွက် ပြောလို့ မရသေးပါဘူး" ဟု ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ဝင်းက ဇွန် ၇ရက်က ပြောသည်။

သေနတ်နှင့် ပစ်ခံရပြီး သေဆုံးသွားသည်ဆိုသည့်အတွက် သေဆုံးသူ၏ နောက်ကြောင်းရာဇဝင်၊ ရန်ဖြစ်ခြင်းရှိမရှိ၊ ခရီးသွားခြင်းရှိမရှိ စုံစမ်းစစ်ဆေးနေပြီး လောလောဆယ်အခြေအနေတွင် သေဆုံးသူသည် လယ်ယာ လုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးသာဖြစ်ပြီး လယ်ယာမြေနှင့် ပတ်သက်၍ ပြဿနာ အနည်းငယ်ရှိသည်ကို ကြားသိထားရသည်ဟု ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ဝင်းက ပြောသည်။

သို့သော် ဦးစိုင်းစံထွန်းသည် လယ်ယာမြေ အသိမ်းခံရသည့် ကိစ္စများ လိုက်ပါကူညီဆောင်ရွက်ပေးနေခြင်း၊ မတရားငွေကြေးကောက်ခံသည့် ကိစ္စများအား ပြည်သူဘက်မှ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးသာ ဖြစ်သည်ဟု NLDနှင့် နီးစပ်သူ အသိုင်းအဝန်းနှင့် တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုးတို့က ဆိုသည်။

အခင်းဖြစ်ပွားခဲ့သည့် မိုင်းပျဉ်းကျေးရွာသည် ဟိုပုံးမြို့နှင့် မိုင် (၃ဝ) ကျော်အကွာ၊ ခလရ ၂၄၉ တပ် ဧရိယာနှင့် သုံးမိုင်ခန့်အကွာ၊ PNO ပအိုဝ်းဌာနေ ပြည်သူ့စစ်နှင့် ခုနစ်မိုင်ခန့်အကွာတွင် တည်ရှိသည်ဟု တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောသည်။

အဆိုပါ အခင်းဖြစ်ပွားမှု ဖြစ်စဉ်နှင့် ပတ်သတ်ပြီး ဟိုပုံးမြို့၊ မြို့မရဲစခန်းတွင်(ပ)၃၇/၁၄ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိသည်။

No comments: