တင့်ဆွေမောင်
ရသေ့တောင်မြို့နယ်အတွင်း ပြည်သူများ အခွန်အခမပေးဘဲ သွားလာနိုင်ရေးကို ရည်ရွယ်ပြီး ရသေ့တောင် မြို့ဆိပ်ကမ်းကပ် အခွန်ကို ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက လှူဒါန်းလိုက်ကြောင်း သတင်းရရှိသည်။
ထိုသို့ လှူဒါန်းလိုက်သဖြင့် ပြည်သူများ အနေဖြင့် ရသေ့တောင်မြို့သို့ လှေ၊ သဗ္ဗာန်၊ စက်လှေများဖြင့် ၀င်ထွက် သွားလာရာတွင် ဆိပ်ကမ်းကပ် အခွန်ငွေကို ပေးဆောင်စရာ မလိုဘဲ လွတ်လပ်စွာ သွားလာခွင့် ရရှိသွားကြောင်း သိရှိရသည်။
ရသေ့တောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ယင်းရသေ့တောင်ဆိပ်ကမ်းကို လေလံတင်ပြီး နှစ်စဉ် ရောင်းချလေ့ရှိရာ ယခုနှစ်တွင် ယင်းလေလံငွေအား “သန်းနိုင်နှင့် မိသားစု ဆောက်လုပ်ရေးကုမ္ပဏီ” က ဆွဲယူပြီး တနှစ်စာ ကျပ်ငွေ သိန်းသုံးဆယ်ကို ပေးသွင်းကာ ပြည်သူများအား အခွန်အခ ပေးစရာ မလိုဘဲ သွားလာနိုင်အောင် စီစဉ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရသေ့တောင်မြို့သို့ လာရောက်သည့် ခရီးသွားပြည်သူများ အခွန်ကင်းလွတ် ရစေရန်နှင့် ရခိုင်ပြည်နယ်အတွင်း ဆင်းရဲမွဲတေမှု ပပျောက်ရေး ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ကုမ္ပဏီပိုင်ရှင် အလှူရှင်ဦးသန်းနိုင်က နိရဉ္စရာသို့ပြောသည်။
“ ကျနော်တို့ ဒေသက လူတွေ အရမ်းဆင်းရဲကြတော့ တဖက်တစ်လမ်းက သက်သာရာ သက်သာကြောင်း ရည်ရွယ်ချက်နဲ့ ကမ်းကပ်ခ အခွန်ငွေ မပေးရအောင် ခုလို စီစဉ် ဆောင်ရွက်တာ ဖြစ်ပါတယ်။ ရသေ့တောင်ဆိပ်ကမ်းကပ် ကောက်ခံငွေကို ခရီးသွားပြည်သူတွေ အနေနဲ့ ဒီဘဏ္ဍာရေး နှစ်အတွင်း ပေးဆောင်စရာ မလိုအောင် စည်ပင်ဌာနကို ကျွန်တော်တို့ ဆက်သွယ် လှူဒါန်းခဲ့ပါတယ်။ ခုတော့ ပြည်သူတွေအနေနဲ့ ရသေ့တောင်ဆိပ်ကမ်းမှာ ကမ်းကပ်ခွန်ပေးစရာ မလိုတော့ပါဘူး” ဟု ဆိုသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ရသေ့တောင် မြို့မ ဆိပ်ကမ်းကမ်းကပ် အခွန်ငွေမှာ ကြမ်ခင်းဈေး ကျပ်လေးဆယ့်ခုနစ်သိန်းငါးသောင်း အထိရှိသော်လည်း စည်ပင်ဌာန အကြီးအကဲများ၏ လမ်းညွန်မူဖြင့် အလှုရှင်ထံမှ ကျပ်သိန်း ၃၀ ကို လက်ခံကာ ကင်းလွှတ်ခွင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း ရသေ့တောင် စည်ပင် အမှုဆောင် အရာရှိ ဦးကျော်ကျော်မှ ပြောသည်။
ရခိုင်ပြည်သူများသည် ဆင်းရဲ မွဲတည်ရသည့် အထဲ ဆိပ်ကမ်းခွန်၊ ကူးတို့ခွန်၊ ဈေးခွန်၊ ဖေါင်တော်ခွန်၊ လမ်းခွန်၊ တံတားခွန် စသည့်ဖြင့် နည်းမျိုးစုံဖြင့် အခွန်အခပေးဆောင်နေရကြသဖြင့် ဆင်းရဲတွင်းကို ပိုမိုနက်ရှိုင်းလာစေသည်ဟု ရသေ့တောင်မြို့မှ ဦးကျော်မောင်က ဆိုသည်။
“ အရင်ကဆိုရင် ချောင်းကို ဆင်းပီး ကွန်ပစ်ရင်လည်း ကွန်ခ အခွန်ဆောင်ရတယ်။ ချောင်းကို လှေနဲ့ဆင်းလည်း အခွန်ဆောင်ရတယ်။ တောင်တက်ရင်လည်း တောင်တက်ခွန်ဆောင်ရတယ်။ ခုတော့ ဒီလို အခွန်တွေရှိပေမယ့် ဆိပ်ကမ်းခွန်၊ ကူးတို့ခွန်၊ ဈေးခွန်၊ ဖေါင်တော်ခွန်၊ လမ်းခွန်၊ တံတားခွန်စတာတွေ ရှိနေပါသေးတယ်။ အဲဒီအခွန်တွေကလည်း တောင်းရင် တောင်းသလို ပေးနေကြရတဲ့ အတွက် လူတွေက ပိုမိုဆင်းရဲတွင်းနက်လာတယ်လို့ ပြောချင်ပါတယ်။ လေလံတွေကို ဈေးပြိုင်စနစ်နဲ့ ရောင်းချနေတော့ လေလံရသွားတဲ့သူတွေကလည်း သူတို့ အမြတ်ရအောင် မတရား ဖိကောက်တော့ ပြည်သူတွေက ခံနေကြရတာပါဘဲ” ဟု ဆိုသည်။
ယခုကဲ့သို့ ဆိပ်ကမ်းကပ်ခ အခွန်ငွေ ပေးဆောင်စရာ မလိုအောင် ကူညီလှူဒါန်းသဖြင့် ၀မ်းမြောက်ကြောင်း၊ ဤလုပ်ရပ်မှာ မွန်မြတ်သော လုပ်ငန်း ဖြစ်၍ ဂုဏ်ယူပါကြောင်း ဦးကျော်မောင်က ဆိုသည်။
ယခုအခါ ရသေ့တောင်မြို့တွင် ပြည်သူများထံမှ ကမ်းကပ်ခွန်ကောက်ခံခြင်း ပြုမည် မဟုတ်ကြောင်း၊ ကောက်ခံမှုများကို တွေ့ရှိပါကလည်း စည်ပင်သာယာရေးအဖွဲ့သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း ပိုစတာများ စိုက်ထူကာ ပြည်သူများကို အသိပေးကြေငြာထားသည်ဟုလည်း သိရသည်။
ကင်းလွတ်ခွင့်ရမည့် သက်တမ်းကာလ မှာ ၂၀၁၄ ဧပြီ ၁-ရက်နေ့ မှ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိဖြစ်ကြောင်း စည်ပင်ဌာနမှ တဆင့်သိရှိရသည်။
“ဦးသန်းနိုင်နှင့် မိသားစု ဆောက်လုပ်ရေးကုမ္ပဏီ” သည် ကျောက်ဖြူမြို့ ရခိုင်အမျိုးသား ညီလာခံ အတွက် အလှူငွေကျပ်(၁၅)သိန်း၊ ရသေ့တောင်မြို့နယ်တိပိဋကဒရ စက္ကပါလ မျက်စိအလင်း အလှူပွဲတွင် ကျပ် (၂၇)သိန်းနှင့် ရသေ့တောင်မြို့နယ် ရန်အောင်ပြင်ကျေးရွာ အထက်တန်း ကျောင်းတွင် ပေ(၆၀×၃၀) ကျောင်းဆောင် တစ်ဆောင် အပါအဝင် အခြား ဒေသဖွံ့ဖြိုးရေးအတွက် အလှူများကိုလည်း ပေးအပ် လှူဒါန်းခဲ့ပြီဖြစ်ကြောင်း သတင်းများ ရရှိသည်။

No comments:
Post a Comment