Tuesday, June 10, 2014

ကံကောင်းခြင်းရတနာသစ်ချောထည်စက်ရုံ အလုပ်သမား၁၈ဦးက စက်ရုံပိုင်ရှင်ကို တရားပြန်ဆွဲမည်

ဇာနည်အောင်

ကံကောင်းခြင်းရတနာသစ်ချောထည်စက်ရုံမှ အလုပ်ရှင်၊ အလုပ်သမားအရေးကို ဝန်ကြီးဌာနက ထိရောက်သည့် ဖြေရှင်းမှုမျိုး မလုပ်သည့်အတွက် ယင်းစက်ရုံမှ အလုပ်သမား ၁၈ဦး၏ ကိုယ်စား မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့(ယာယီ)က တရားလိုပြုကာ စက်ရုံပိုင်ရှင်ကို တရားဆွဲနိုင်ရန် ကူညီသွားမည်ဟု အဆိုပါအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောသည်။

“နောက်ဆုံးအဆင့်အထိ ညှိနှိုင်းလို့ မရရင် ကာယကံရှင်ရဲ့ဆန္ဒပေါ်မှုတည်ပြီး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်၊ အလုပ်သမားတွေရဲ့ အဓိက ဆန္ဒကတော့ တရားနဲ့ ရင်ဆိုင်တာထက် နှစ်ဦးသဘောတူ ပြေလည်မှု ယူချင်တာပါ၊ ဝန်ကြီးဌာနက ထိရောက်တဲ့ ဖြေရှင်းပေးမှုမရှိဘဲ ဘေးထွက်နေပါတယ်"ဟု ၎င်းက ပြောသည်။

ဇွန်လ ၈ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့ရှိ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့တွင် နှစ်ဦးနှစ်ဖက် သဘောတူညီ ထားပြီးဖြစ်သည့် အငြင်းပွားမှု ပြေငြိမ်းရေးစာချုပ်ကို အလုပ်ရှင်ဘက်က ဖောက်ဖျက်ခဲ့သည်ဟုဆိုကာ အလုပ်သမား ၇ဝဝကျော်က မေလ၂၁ရက်မှ စ၍ ၁၁ ရက်ကြာ ဆန္ဒပြခဲ့ပြီး အလုပ်သမားခေါင်းဆောင်အပါဝင် အလုပ်သမား ၁၈ဦးကို ရဲအရေးပိုင်မှု ဖြစ်သည့် ပုဒ်မ-၁၈၊ ၃၄၁၊ ၅၃၊ ၄၄၇ တို့ဖြင့် ဇွန်လ ၇ရက်က တရားဆွဲဆိုခဲ့သည်။

ထိုသစ်အချောထည်စက်ရုံ အရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့(ယာယီ)က အလုပ်သမားများအား မတရားအမှုဆင် အင်အားသုံး အကြမ်းဖက်ခြင်းကို အစိုးရက တာဝန်ယူ ဖြေရှင်းပေးရန်အတွက် အချက် ၅ ချက်ပါ ကြေညာချက်ကို ဇွန်လ ၈ရက်က ထုတ်ပြန်ခဲ့သည်။

သို့သော် ကံကောင်းခြင်းရတနာ စက်ရုံ အလုပ်သမားများအရေးကို မန္တလေးတိုင်းဒေသကြီး အစိုးရအနေဖြင့် ဖြေရှင်းနိုင်ခြင်း မရှိတော့ဟု သစ်တောနှင့် သတ္ထုဝန်ကြီးဌာနဝန်ကြီး ဦးသန်းစိုးမြင့်က ဇွန်လ ၈ရက်က မဇ္ဈိမကို ပြောသည်။

ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အလုပ်ရှင်နှင့် အလုပ်သမားများအကြား မေလ၁၉ရက်က ပြေလည်မှုရရှိရန် နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်။ ယင်းနောက် မေလ၂၁ရက်တွင် သဘောတူစာချုပ်ကို ကန့်ကွက်သည်ဟုဆိုကာ စက်ရုံတွင်းနေထိုင်သူ အလုပ်သမားမိသားစုဝင်များနှင့် အဆောင်နေ အမျိုးသမီးအလုပ်သမားလေးဦးကို ရဲတပ်ဖွဲ့မှ မောင်းထုတ်ခဲ့သည်။ မောင်းထုတ်ခံ မိသားစုဝင်များကို ရှမ်းကန်ရွာအနီး ဘုန်းကြီးကျောင်းက လက်ခံထားပြီး မေလ ၂၂ရက်တွင် ဘုန်းကြီးကျောင်းမှ ထွက်ခွာပေးရန် ရ.ယ.ကက အကျပ်ကိုင်ခဲ့သည်ဟု ဦးအောင်လင်းက ပြောသည်။

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(ယာယီ)၏ ထုတ်ပြန်ကြေညာချက်တွင် ကံကောင်းခြင်းရတနာ သစ်ချောထည် စက်ရုံ၊ အလုပ်သမားများ အကြမ်းဖက်မှု မပြုလုပ်ရန်၊ အလုပ်သမားအငြင်းပွားမှု ဥပဒေပါ အချက်များအတိုင်း အလုပ်သမားများကို လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးရန်၊ တရားဆွဲဆိုထားသည့် ပုဒ်မများကို ပယ်ဖျက်ပေးရန်၊ အလုပ်သမားဝန်ကြီးဌာနမှ အလုပ်ကိုင် တည်မြဲရေး ကာကွယ်စောင့်ရှောက်ပေးရန်နှင့် အလုပ်ရှင်၊ အလုပ်သမားပြဿနာတို့ကို အလုပ်သမား ဝန်ကြီးဌာနမှ ဖြေရှင်းပေးရန်တို့ကို တောင်းဆိုခဲ့သည်။

No comments: