Wednesday, June 11, 2014

ပြည်တွင်း ဆော့ဝဲလ်များ ပြည်ပတင်ပို့ရသော်လည်း ရသင့်သည့် ဈေးနှုန်းထက် လျော့နည်းနေ

စ, ချိုကို

ပြည်တွင်းဆော့ဖ်ဝဲလ်ကုမ္ပဏီများအနေဖြင့် နိုင်ငံတကာက ဆော့ဝဲလ်မှာယူမှုများကို လက်ခံထုတ်လုပ်ပေးနိုင်သော်လည်း တရားဝင်အကောက်ခွန်ပေးဆောင်ခြင်းနှင့် တင်ပို့ခြင်း မပြုလုပ်နိုင်သည့်အတွက် ဈေးနှုန်းရရှိမှုမှာ ထိုက်သင့်သည်ထက် လျော့နည်းစွာရရှိနေရသည်ဟု ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမင်းဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ဆော့ဖ်ဝဲလ်ကို ထုတ်ကုန်အမည် သတ်မှတ်ပေးထားခြင်း မရှိသည့်အတွက် ပြည်ပသို့ ဆော့ဖ်ဝဲလ် ထုတ်ကုန်များ တင်ပို့ခြင်းနှင့်ပြည်ပက တင်သွင်းခြင်းများ ပြုလုပ်ရာတွင် အခက်အခဲများစွာ ရှိနေသည်ဟုလည်း ပြည်တွင်းကွန်ပျူတာ လုပ်ငန်းရှင်များက ဆိုသည်။

ဦးမင်းဦးက“နိုင်ငံတကာကလည်း ကျွန်တော်တို့ဆီမှာ ဆော့ဝဲလ်ကို ၀ယ်ယူတဲ့အခါ သူတို့နိုင်ငံတွေမှာ တရားဝင် အကောက်ခွန်ပေးဆောင်ပြီးသား ထုတ်ကုန်ဖြစ်ကြောင်း ပြန်လည်ပြသရတယ်။ ဒီမှာက ဆော့ဝဲလ်ထုတ်ကုန် အမည်မရှိတဲ့အခါ သူတို့ဘက်မှာလည်း တရားဝင်အခွန်ဆောင်လို့ မရဘူး။ ဒါကြောင့် ပြည်တွင်း ကုမ္ပဏီကနေ ဆော့ဝဲလ်ကိုမှာယူတဲ့အခါ နိုင်ငံတကာမှာပေးတဲ့ ဈေးနှုန်းအတိုင်း မရဘူး”ဟု ဆိုသည်။

ပြည်ပနိုင်ငံများက မြန်မာနိုင်ငံရှိ ဆော့ဝဲလ်ကုမ္ပဏီများတွင် ဆော့ဝဲလ်ထုတ်ကုန်ရေးဆွဲပေးရန် လာရောက် လုပ်ငန်းအပ်နှံခြင်းမျိုးသာရှိပြီး မြန်မာနိုင်ငံ၏ ဆော့ဝဲလ်ထုတ်ကုန်ကဏ္ဍသည် အထည်ချုပ် လက်ခံနိုင်သည့် အဆင့်ပုံစံမျိုးသာ လုပ်ဆောင်နေရသည်ဟုလည်း ၎င်းက ဝေဖန်ပြောကြားခဲ့သည်။

ဆော့ဝဲလ်ကို ထုတ်ကုန်၊ သွင်းကုန် အမျိုးအစားနံပါတ် (x.s code) သတ်မှတ်ပေးရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ တင်ပြတောင်းဆိုသွားမည်ဟုလည်း မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း၊ အတွင်းရေးမှူး ဦးမျိုးမြင့်ထွန်းက ပြောသည်။

ဦးမျိုးမြင့်ထွန်းက“ဆော့ဝဲလ်ကို ပြည်ပတင်သွင်းတာပဲဖြစ်ဖြစ်၊ တင်ပို့တာပဲဖြစ်ဖြစ် အခွန်စည်းကြပ်တဲ့အခါ ပစ္စည်းရဲ့ x.s code ရှိရတယ်။ စီးပွားကူးသန်းမှာက ဆော့ဝဲလ်ကို အမျိုးအစား သတ်မှတ်ထားတဲ့ ကုတ်နံပါတ် မရှိသေးဘူး။ ဒါကြောင့် ဆော့ဝဲလ်ပို့ကုန်အတွက် အခွန်ဆောင်တာတို့၊ တရားဝင်တင်ပို့တာတို့မှာ အခက်အခဲတွေ ရှိနေတယ်”ဟု ပြောသည်။

ယင်းကြောင့် ပြည်တွင်း၌ ဆော့ဝဲလ်ထုတ်ကုန် ထုတ်လုပ်မှုနှုန်းများ၊ သုံးစွဲမှုများကိုလည်း တရားဝင် အချက်အလက်ကောက်ယူရန် အခက်အခဲရှိနေခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းက“ခုဆို ပြည်တွင်းမှာ Microsoft၊ Oracle တို့လို နိုင်ငံတကာ ဆော့ဝဲလ်ကုမ္ပဏီတွေကလည်း တရားဝင် လာရောက်လုပ်ကိုင်နေပြီဖြစ်တဲ့အတွက် သူတို့ Product တွေ တရားဝင်ရောင်းချတာတို့၊ အခွန်ဆောင်တာတို့မှာလည်း အခက်အခဲရှိနိုင်တယ်။ နောက်ပြည်တွင်းမှာ တစ်နှစ်ကို ဆော့ဝဲလ်ထုတ်ကုန် ဘယ်လောက်ဖိုး ထုတ်လုပ်နိုင်သလဲဆိုတာမျိုး အချက်အလက်လည်း မကောက်နိုင်သေးဘူး”ဟု ဆိုသည်။

ယင်းအပြင် မြန်မာနိုင်ငံတွင် မိမိတီထွင် ထုတ်လုပ်ထားသော ထုတ်ကုန်ပစ္စည်းနှင့်ပတ်သက်သည့် ဉဏမူ ပိုင်ခွင့် ဥပဒေမရှိသေးသည့်အတွက် ရေးဆွဲရန် လိုအပ်လာပြီဖြစ်သည်ဟု ကွန်ပျူတာလုပ်ငန်းရှင်များက ဆိုသည်။

မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အ သင်းစာရင်းအရ ပြည်တွင်းရှိ ကွန်ပျူတာ လုပ်ငန်းရှင်ပေါင်း ၉၀၀ ကျော်ရှိပြီး Hardware တင်သွင်းရောင်းချသည့် လုပ်ငန်း ၆၀၀ ကျော်ရှိကာ ဆော့ဝဲလ်ရေးဆွဲထုတ်လုပ်သည့် ကုမ္ပဏီနှင့် နည်းပညာ Trainging Ceter ပေါင်း ၂၀၀ ကျော်အထိ ရှိသည်။

No comments: