Saturday, June 21, 2014

ဘတ်ဂျက်လိုငွေပြမှု လျှော့ချနိုင်ရန် အခွန်ကောက်ခံမှု မူဝါဒ ပြောင်းလဲသင့်ဟု အိုင်အမ်အက်ဖ်ထုတ်ပြန်

ထင်လင်းအောင်

မြန်မာနိုင်ငံက ဘတ်ဂျက်အသုံးစရိတ်ရေးဆွဲရာတွင် လိုငွေပြမှုလျှော့ချနိုင်ရေးအတွက် အခွန်ကောက်ခံမှုဆိုင်ရာ မူဝါဒများကို ပြောင်းလဲကျင့်သုံးရန်လိုအပ်မည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ထုတ်ပြန်ပြောကြားသည်။

မြန်မာအစိုးရက ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ်၏ ဘတ်ဂျက်အသုံးစရိတ် ရေးဆွဲရာတွင် ဂျီဒီပီ (တိုင်းပြည် ၀င်ငွေ)၏ ငါးရာခိုင်နှုန်းအတွင်းသာရှိရန် ထိန်းသိမ်း ဆောင်ရွက်နေသော်လည်း ပမာဏကြီးမားသည့် ဆက်သွယ်ရေးလိုင်စင်ကြေးကဲ့သို့ တစ်ကြိမ်တစ်ခါတည်းသာ ရရှိနိုင်သည့် ၀င်ငွေများအပေါ်တွင် တည်မှီ နေခြင်းဖြစ်သည်ဟု ဇွန်လ ၁၇ ရက်၌ အပြည်ပြည် ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ ထုတ်ပြန်ချက် တွင်ပါရှိသည်။

သို့ဖြစ်ရာ ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချရန် အခွန်ရငွေ တိုးမြှင့်ခြင်းဖြင့် ကျင့်သုံးရန်လိုအပ်မည်ဟု မစ်ရှင် အဖွဲ့ ခေါင်းဆောင် မစ္စတာမက် ဒေဗီးစ်က မီဒီယာများကို ဇွန်လ ၁၇ ရက်တွင် ပြောသည်။

မစ္စတာမက်ဒေဗီးစ်က “ ဘတ်ဂျက်လိုငွေကို ဂျီဒီပီ ငါးရာခိုင်နှုန်းအောက် ထိန်းထားနိုင်မယ်လို့မျှော်လင့်ရပါ တယ်။ ဒါပေမဲ့ အခွန်ဝင်ငွေတိုးတက်ဖို့ လိုအပ်ပါတယ်။ အခွန်စနစ်ကလည်း အလွယ်တကူနားလည်ရ မယ်။ စည်းကြပ်ကောက်ခံဖို့ လွယ်ကူရ မယ်။ ကင်းလွတ်ခွင့်ပေးမှုအနည်းဆုံးဖြစ်တဲ့ အခွန်စနစ်ဖြစ်ဖို့ မူဝါဒအပြောင်းအလဲ တစ်ခုချမှတ်နိုင်ရမယ်ဆိုတဲ့အပေါ်မှာတော့ မူတည်မှာဖြစ်ပါတယ် ” ဟု မီဒီယာများကို ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောသည်။

ယခု၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် အခွန်ကောက်ခံရရှိမှုတိုးမြင့်လာစေရန် နှင့် အခွန်ရှောင်သူများကို ပိုမို ကြပ်မတ်နိုင်ရန် အခွန်ကောက်ခံရငွေမှ အချိုးတစ်ခုကို ပြည် နယ်နှင့် တိုင်းအစိုးရအဖွဲ့များအား ပြန်လည် ခွဲဝေပေးမည်ဟု ပြည်တွင်း အခွန် ဦးစီးဌာနညွှန်ကြားရေးမှူး ဦးသိန်းထွဋ်က မဇ္ဈိမကို ပြောထားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းအခွန်ဦးစီး ဌာနက ၀င်ငွေခွန်၊ အောင်ဘာလေသိန်း ထီခွန်၊ ကုန်သွယ်လုပ် ငန်းခွန်၊ တံဆိပ်ခေါင်း ခွန်စသည်ဖြင့် အခွန်လေးမျိုးကို ကောက်ခံနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အခွန်ရငွေ စုစုပေါင်း ကျပ်ငွေ ဘီလီယံ ၃,၅၀၀ ကျော် ဖြစ်သော် လည်း ဂျီဒီပီအချိုး၏ ခုနစ်ရာခိုင်နှုန်းသာရှိသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်း လျာထားချက်တွင် ရငွေကို ကျပ်ဘီလီယံပေါင်း ၁၉,၁၆၇ ခန့်မှန်းပြီး သုံးငွေကို ကျပ်ငွေ ဘီလီယံ ပေါင်း ၂၁,၉၁၈ ခန့်မှန်းထားရာ လိုငွေ ပမာဏ ကျပ်ငွေ ၂,၇၅၁ ဘီလီယံ ရှိနေသည်။

No comments: