Saturday, June 21, 2014

ကိုယ်ထူကိုယ်ထ သံကြိုး တံတား ပုံးအင်း၌တည်ဆောက် ဖွင့်လှစ်

သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း ဘန်းယဉ် မြို့နှင့် ကျောက်တလုံး မြို့ကြားတွင် ဒေသခံ လူထု ကိုယ်ထူ ကိုယ်ထ အားဖြင့် ကျပ်သိန်း ပေါင်း ၆၀ ကျော် ကုန်ကျသည့် ပေါင်းကူး သံထည် ကြိုးတံတား တည်ဆောက် ပြီးစီးကာ ယမန်နေ့ ကဖွင့်လှစ်ခဲ့ သည် ဟု သိရှိရပါသည်။

ဂျွန် ၁၉ ရက် ယမန်နေ့နံနက်ပိုင်းတွင် ဆီဆိုင်မြို့နယ် နှင့် ကျောက်တလုံးမြို့နယ်ခွဲ ကြား နောင်စန့်ရွာ တမ်ဖတ် ချောင်းကူး ပေါင်းကူး ကြိုးတံတားအားဖွင့်လှစ်ခဲ့ကြောင်း၊ ကျောက်တလုံးမြို့ အာဏာပိုင်များ၊ ဒေသခံ ဘုန်းတော်ကြီးများ၊ အုပ်ချုပ်ရေးမှူးများ၊ ပုံးအင်းဒေသခံများ တက်ရောက်ဖွင့်ခဲ့သည်။

အဆိုပါကြိုးတံတားအား ၁၀ ရက်ကျော်ကြာ အချိန်ယူတည်ဆောက်ခဲ့ရပြီး ကုန်ကျစရိတ် ကျပ်ငွေ ၆၅ သိန်းရှိခဲ့ကြောင်း သိရသည်။ တံတားတိုင်၊ သံကြိုး၊ သံပြားအခင်း စသည့်သံထည်များအားလုံး ပြင်ပအလှူရှင် တဦးက ထောက်ပံ့လှူဒါန်းကြောင်း၊ တည်ဆောက်ရေး လုပ်အားများမှာမူ ဒေသခံလူထုမှ စုပေါင်းပါဝင်ကြောင်း ဒေသခံများကပြောပါသည်။

“တံတားမှာသုံးတဲ့ သံထည်တွေအားလုံး အလှူရှင်တဦးက ထောက်ပံ့ပါတယ်။ တည်ဆောက် ရေးပိုင်း ပညာရပ်လည်း အဲဒီလူကဘဲ လူလွှတ်ပြီးစီမံဆောင်ရွက်ပေးတယ်။ ကျနော်တို့ကတော့လုပ်အား အပြင် ဘိလပ်မြေ နဲ့ ကြိုးတံတားအတွက် အလှူရှင်ထောက်ပံ့လာတဲ့ သံထည်တွေ သယ်ယူမှု ကုန်ကျ စရိတ် တွေ တာဝန်ယူရတယ်။ စည်းလုံးညီညွတ်မှုတော့ရှိရမယ်။ ဒါမှငွေအား လူအားလုံလောက်မှာ” - ဟု စိုင်းလမ်က ပြောသည်။

ကိုယ်ထူကိုယ်ထ ကြိုးတံတားတခု တည်ဆောက်ရေးအတွက် တည်ဆောက်ရေးလုပ်အား အနည်းဆုံး ၃၀ အထက်၊ ငွေအား ကျပ်သိန်း ၅၀ နှင့်အထက် ဒေသခံဘက်ကအဆင်သင့်ရှိရကြောင်း၊ တည်ဆောက် မည့် နေရာလည်း ချောင်းဧရိယာ အကျယ် ၁၀၀ ဝန်းကျင်ခန့်ကျယ်ရကြောင်း၊ လိုအပ်သည့် သံတိုင်၊ သံကြိုး၊ အခင်းအောက်ခံ သံချောင်း၊ အခင်းသံပြား (ပေ ၅ x ၆ )များအား ပြင်ပအလှူရှင် တဦးမှ ထောက်ပံ့သည်ဟု တံတားတည်ဆောက်ရေး စေတနာ့ဝန်ထမ်းတဦးက ဤကဲ့သို့ပြောပြသည်။

“အလှူရှင်က နိုင်ငံခြားသား။ အသက် ၄၇ လောက်ရှိမယ်။ သူလဲ ပိုက်ဆံရှိလို့တော့မဟုတ်ဘူး။ တံတား တည်ဆောက်ရေးအတွက် သူလဲလိုက်ပြီးအလှူခံတယ်။ သံထည်တွေက အီတလီ၊ အာဂျင်ဒီးနား ၊ မက္ကဆီကို၊ ဆွီစလန် စတဲ့နိုင်ငံတွေက အလှူရှင်တွေက ပေးလှူတယ်။ တံတားတည်ဆောက်လိုတဲ့ဒေသခံ တွေက ကိုယ့်ဟာကိုယ် ဆင်မလိုက်သင်္ဘောကျင်းမှာ သွားယူရတယ်” - ဟု တံတားလိုက်လံ တာဝန်ယူ ဝိုင်းကူတည်ဆောက်ပေးနေသည့် စေတနာ့ဝန်ထမ်း မိုးကုတ်သား သျှမ်းအမျိုးသားတဦးက ပြောသည်။

အဆိုပါတံတားအမျိုးအစားကို အရှေ့တောင်အာရှ နှင့် အာဖရိက နိုင်ငံများ၌ အများအပြားတည် ဆောက်ပြီး ကြောင်း၊ မြန်မာနိုင်ငံသို့ အဆိုပါ စေတနာရှင် နိုင်ငံခြားသားများ ဝင်ရောက်လာသည့် ၅ နှစ်အတွင်း အဆိုပါတံတားမျိုး အစင်းပေါင်း ၇၀ ကျော် တည်ဆောက်ပြီးစီးပြီးဖြစ်ကြောင်း၊ ဧရာဝတီတိုင်းအတွင်း အများဆုံးဖြစ် ကြောင်း ၎င်းကဆက်လက်ပြောပြသည်။

သျှမ်းပြည်နယ်တဝှမ်းတွင် မိုင်းကိုင်မြို့နယ် (၃) စင်း၊ လဲချား ၁ စင်း၊ မိုင်းပွန် ၁ စင်း၊ နမ္မတူ (မိုင်းယင်) ၁ စင်း၊ သိန္နီ ၂ စင်း၊ ပင်လုံ၊ ဆီဆိုင် ၂ စင်း၊ ကျောက်တလုံး ၁ စင်း တည်ဆောက်ခဲ့ပြီးဖြစ်ပါသည်

No comments: