တင့်ဆွေမောင်
ရခိုင်ပြည်နယ် ကမ်းရိုးတန်းရေပြင်တွင် တာဝန်ထမ်းဆောင်ရန် ရေကြောင်း ရဲတပ်ဖွဲ့ဝင်သစ်များကို သက်ဆိုင်ရာမှ ခေါ်ယူ စုဆောင်းနေပြီ ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှ တဆင့် သိရှိရသည်။
ရေကြောင်းရဲတပ်ဖွဲ့ဝင်သစ်များကို ခေါ်ယူရခြင်းမှာ ရခိုင့်ပင်လယ်ပြင်တွင် သက်မွေးဝမ်းကျောင်း ပြုနေကြသော ဒေသခံ တိုင်းရင်းသားများ၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဖြစ်ကြောင်း တာဝန်ရှိသူ ရဲအုပ်စံရွှေက နိရဉ္စရာသို့ ပြောသည်။
“ရခိုင်ပြည်နယ်ကို တရာမဝင် ခိုးဝင်လာတဲ့ သူတွေ၊ မူးယစ်မှောင်ခိုတွေ၊ လူကုန်ကူးမှုတွေကို ကာကွယ်တားဆီး အရေးယူနိုင်ဖို့ ရေကြောင်းရဲတွေ ခေါ်ယူ စုဆောင်း ရတာပါ။ နောက်ပြီး ရခိုင်ပြည်နယ်မှာ ရေလုပ်ငန်းကို အဓိက လုပ်ကိုင်နေကြတဲ့ ဒေသခံတိုင်းရင်းသားတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် ရေကြောင်းရဲတွေ လိုအပ်နေပါတယ်” ဟု သူက ဆိုသည်။
ရခိုင်ပြည်နယ်ရေကြောင်း ရဲတပ်ဖွဲ့သို့ အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံသူများ လာရောက် တာဝန်ထမ်းဆောင်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကြေညာထားသည်။
(က) မြန်မာနိုင်ငံဌာနေ ဒေသခံ တိုင်းရင်းသားဖြစ်ရမည်။
(ခ) အခြေခံအဌမတန်းအောင်မြင်သူဖြစ်ရမည်။
(ဂ) အရပ်အနည်းဆုံး (၅ ပေ ၃ လက်မ)ရှိရမည်။
(ဃ) အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
(င) ကျန်းမာရေးကောင်းသူဖြစ်ရမည်။
(စ) အသက် (၁၈)နှစ်ဖြစ်ပြီး (၂၅)နှစ်မကြီးသူဖြစ်ရမည်။
ယင်း ရေကြောင်းရဲတပ်ဖွဲ့တွင် ဝင်ရောက် တာဝန်ထမ်းဆောင်သူတစ်ဦးလျှင် တာဝန် ထမ်းဆောင်စကာလတွင် လစာနှင့်ရိက္ခာငွေ (၁၃၅၀၀၀) ကျပ် အပါအဝင် ရေမီးအစုံ ပါသော နေအိမ်လိုင်းခန်းများတွင်လည်း နေထိုင်ခွင့်ပေးမည်ဖြစ်ကြောင်း၊ ယင်းနောက် တက္ကသိုလ်၊ ကောလိပ် တစ်ခုခုမှ ဘွဲ့ရရှိပါက အရာရှိဖြစ် စာမေပွဲများကိုပါ ဝင်ရောက်ဖြေဆိုခွင့်ရရှိမည်ဖြစ်ကြောင်း သူက ပြောဆိုသည်။
၂၀၁၂-ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှ စတင်ကာ ရေကြောင်းရဲတပ်ဖွဲ့အား ရခိုင်ပြည်နယ်တွင် စတင်ဖွဲ့စည်းရန် စီစဉ် ဆောင်ရွက်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ် ကျောက်ဖြုမြို့တွင် ရေကြောင်းရဲတပ်ဖွဲ့ကိုလည်းကောင်း၊ စစ်တွေမြို့နှင့်သံတွဲမြို့များတွင် ရေကြောင်း ရဲတပ်ဖွဲ့စုများကိုလည်းကောင်း အသီးသီတိုးချဲ့ ဖွဲ့စည်းလျှက်ရှိကြောင်း၊ နိုင်ငံတော် အကြီးအကဲများ လမ်းညွှန်ချက်နှင့် အညီ ခေတ်မီသော ရေကြောင်းရဲတပ်ဖွဲ့ ပေါ်ပေါက်လာရေးအတွက် ယခုအခါ တာဝန်ရှိသူများက ကြိုးစား ဆောင်ရွက်လျှက် ရှိနေကြောင်း သူက ဆက်လက် ပြောဆိုသည်။
ရခိုင်ပြည်နယ်၊ရေကြောင်း ရဲတပ်ဖွဲ့တွင်ဝင်ရောက်တာဝန်ထမ်းဆောင်လိုသူများအနေဖြင့် ဒုရဲအုပ်စံရွှေ (ဖုန်း-၀၉ ၂၅၄ ၁၆၈ ၀၀၆)နှင့် တပ်ကြပ်ကြီး အောင်ကျော်မြင့်(ဖုန်း-၀၉ ၄၂၁ ၀၉၉ ၉၂၂) တို့ထံ မှ တဆင့် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

No comments:
Post a Comment