Wednesday, June 11, 2014

ရန်ကုန်-မန္တလေး အမြန်လမ်း အကြံပြုစာများအပေါ် မူတည်ပြီး ပြင်ဆင်မှုလုပ်မည်ဟုဆို

ကျော်စွာဝင်း

ရန်ကုန်-မန္တလေးအမြန်လမ်းအသုံးပြု ခရီးသွားများနှင့် ယာဉ်မောင်းနှင်သူများ အကြံပြုချက်များ တစ်လတိတိကောက်ခံသွားမည်ဖြစ်ပြီး လက်ရှိ လမ်းပိုင်းဆိုင်ရာ ပြုပြင်မှုများကို လုပ်ဆောင် လျှက်ရှိသည်ဟု အမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ အင်ဂျင်နီယာမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

“အကြံပြုစာတွေက အခုမှ ထုတ်တုန်းရှိပါသေးတယ်။ ကျွန်တော်တို့က ဇွန်လကုန် အထိကို ပြန်သိမ်းပြီးတော့မှ အဲ့ဒီအပေါ်မှာ ပြန်စမ်းစစ်မှာပါ။ တူရာတွေကို ခွဲခြားမယ် ဘာတွေကအကြံပြုထားလဲဆိုတာကို တရားဝင် ထုတ်ပြန်ပေးသွားမှာပါ” ဟု အမြန်လမ်းပြုပြင်ရေးမှ ဦးကြည်သော်မြင့် က ဆိုသည်။

ရန်ကုန် မန္တလေးအမြန်လမ်းမကြီးတွင် အသုံးပြုသွားလာနေကြသော ပြည်သူများ အနေဖြင့် ခရီစဉ်တစ်လျှောက် လမ်းအခြေအနေဆိုင်ရာ တိုးလ်ဂိတ်များ၏ ဝန်ဆောင်မှုဆိုင်ရာ၊ ယာဉ်ရပ်နားစခန်းများနှင့် သန့်စင်ခန်းဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာများအပေါ် အကြံပြုချက်များကို အမှတ် (၃) ဂိတ်၊ နေပြည်တော်ဂိတ်၊ ပုဂံအင်း ဂိတ် အစရှိသည် တို့တွင် ကောက်ခံလျှက်ရှိသည်။

အဆိုပါအကြံပြုချက်များ ကောက်ခံမည့် အစီအစဉ်များကို ဆောက်လုပ်ရေး ဝန်ကြီးဌာန ဖေ့စ်ဘုတ်စာမျက်နှာတွင် မေ ၉ ရက်က စတင် ဖော်ပြခဲ့သော်လည်း မေ ၂၅ ရက်မှသာ ကောက်ခံမှုစတင်နိုင်ခဲ့သည်။

တစ်ဖက်တွင်လည်း အမေရိကန် အပြည်အပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)က ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မေ ၂၇ ရက်က သဘောတူညီချက်တစ်ရပ် ပြုလုပ်ခဲ့ပြီး အမေရိကန်အစိုးရအနေနှင့်လည်း ငွေကြေးပူးတွဲ ထောက်ပံ့ ပေးမည်ဟု ထုတ်ပြန်ခဲ့သေးသည်။

No comments: