Tuesday, June 10, 2014

ဘိန်းဖြူ လက်ဝယ်ကိုင် ဆောင်သူ နှစ်ဦး ပြန် လွှတ်ပေး

Khonumthung

ပြီးခဲ့တဲ့ ဇွန်လ ၀၅ ရက်နေ့က ဖလမ်းမြို့နယ်အတွင်း အိန္ဒိယ – မြန်မာနယ်စပ် ရိဒ်ခေါ်ဒါရ် ပြည်သူ့ရဲတပ်ဖွဲ့က တ ဖက်အိန္ဒိယ နိုင်ငံသား မီဇိုလူမျိုး နှစ်ဦးထံမှ ဘိန်းဖြူများ လက်ဆုပ်လက်ကိုင်ဖမ်းဆီးထားသည်ကို အမှုမလုပ်ပဲ ပြန် လွှတ်ပေးခဲ့သည်ဟု သိရသည်။

ရိဒ်ခေါ်ဒါရ် ရဲစခန်းမှ အမှတ်(၂) ရဲကင်းတာဝန်ကျ ဒုတိယတပ်ကြပ် ဇော်မင်းထင်နှင့် အဖွဲ့ (၃) ဦးတို့သည် ကြိုတင် သတင်းရရှိချက်အရ ရိဒ်ခေါ်ဒါရ်မှ လျန်နှာရ်ရွာ သွားသည့် တီအိုချောင်းစပ်တွင် မသင်္ကာသူ နှစ်ဦးအား စစ်ဆေးခဲ့ရာ ၄င်းတို့နှစ်ဦးထံမှ ဆပ်ပြာဘူးသုံးဘူး အတွင်းထည့်ထားသည့် ၃၀ ဂရမ်ခန့်ရှိ ဘိန်းဖြူ သုံးထုပ်၊ ရူပီး ငွေ ၁၀၀၀၊ ကျပ် ငွေ ၅ ထောင် နှင့် ဆေးထိုးအပ် ၃ ချောင်း တို့ကို လက်ပူးလက်ကြပ် မိထားခြင်းဖြစ်သည်။

” လက်ဝယ်ကိုင်ဆောင်သူတွေကို ပြန်လွှတ်ပေးတာ မသင်္ကာစရာပါပဲ၊ သူတို့ ဘယ်သူဘယ်ဝါ ဆိုတာ သိပုံရပေမဲ့ ရေရေရာရာ မပြောချင်ကြဘူးဗျ၊ ပစ္စည်းကိုတော့ ပိုင်ရှင်မဲ့လုပ်ပစ်လိုက်တယ်၊” ဟု ရိဒ် ခေါ်ဒါရ်ဒေသခံ ကို ထွန်း အောင်က ပြောသည်။

အဆိုပါ အမှုကို ဒု- ရဲအုပ် အောင်မြင့်မှ ကိုင်တွယ်နေပြီး အမှုအမှတ် ၄/၂၀၁၄ ဖြင့် အမှုဖွင့်ထားပြီး ပိုင်ရှင် အစစ်ကို ဖော်ထုတ်ဆဲဖြစ်ကြောင်း ထပ်မံသိရသည်။

” တဖက်နိုင်ငံသားဆိုပြီး မျက်နှာလိုက်စရာလည်းမလိုဘူး၊ ကြောက်စရာလည်းမလိုဘူး၊ ဥပဒေ အရ ကိုင်တွယ် သင့်ပါ တယ်၊ မူးယစ်ဆေးဝါး လက်ဝယ်ကိုင်ဆောင်မှုအရ အရေးယူရမှာလေ၊ နောက်ပြီးတော့ ပိုင်ရှင်အစစ် ဖော် ထုတ် ဖို့ဆိုတာလည်း ဘာမှ ဖြစ်လာမှာမဟုတ်ဘူး” ဟု ကိုထွန်းအောင်က ဆက်ပြောသည်။

ချင်းပြည်နယ်နှယ်နှင့် တဖက် မီဇိုရမ်နှစ်ပြည်နယ်အာဏာပိုင်အသီးသီးသည် ဒေသအတွင်း အမှုများကိုင်တွယ်ရာတွင် မီဇိုရမ်ဖက်က အာဏာပိုင်များသည် ပြစ်မှုဆိုင်ရာ ဥပဒေကို ပိုမိုလေးစားလိုက်နာကြကြောင်း ဆက်ပြောသည်။

No comments: