Tuesday, June 10, 2014

မကွေးတိုင်းအတွင်း ရေနံတွင်း များပြားလာမှု သဘာဝပတ်ဝန်းကျင် ထိခိုက်နေဟု အဖွဲ့အစည်းများဆို

လပြည့်ဝန်း

မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနံတွင်းများကြောင့်မြေနေရာများ ချိုင့်ခွက်ဖြစ်ပြီး လယ်မြေများ စိုက်ပျိုး မရတော့ခြင်း၊ ရေနံတွင်းပတ်ဝန်းကျင်ရှိ သစ်ပင်များသည် ရေနံငွေ့ရိုက်ပြီး ကြီးထွားနှုန်း မရှိတော့ခြင်းစသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများဖြစ်ပေါ်နေကြောင်း အဖွဲ့အစည်းများက ပြောသည်။

“ရေနံတွင်းတွေက တစ်ကျင်းနဲ့တစ်ကျင်း ငါးပေလောက်ပဲကွာတယ်။ ရေနံတူးပြီးရင် အဲဒီမြေတွေက စိုက်ပျိုး လို့မရတော့ဘူး။ ရေနံတွင်းတွေက ၂၀၀၀ ခုနှစ်ကတည်းက တဖြည်းဖြည်းများလာတာ။ ရေနံတစ်ကျင်းကို ကျပ်ငါးသိန်းကနေ ဆယ်သိန်းအထိဈေးရတော့ရေနံတူးဖော်မှုကလည်း လျော့ကျမသွားဘူး” ဟု မကွေးတိုင်း ဒေသခံ ဧရာဝတီမြစ်အနောက်ဘက်ဖွံ့ဖြိုး တိုးတက်ရေးအင်အားစုမှ ဦးရွှေလင်းက ပြောသည်။

မကွေးတိုင်း ၈၈ မျိုးဆက်နှင့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးတင်ကိုကိုဦးကလည်း “မကွေး တိုင်းအတွင်းမှာ လက်ယက်ရေနံတွင်းတွေရော၊ ကျောက်မီးသွေးတွင်းတွေရောများလာတယ်။ များလာတဲ့ အားလုံးက တရားဝင်လိုင်စင်တွေနဲ့ချည်းပဲဆိုတော့ သွားပြောလို့မရဘူး။ ရေနံတွင်းတွေများလာတာက ဒေ သခံတွေရဲ့ လယ်တွေဆုံးရှုံးပြီး သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်မှုရှိနေတယ်” ဟု ပြောသည်။

မကွေးတိုင်းဒေသတွင်းတွင်လုပ်ငန်း ရှင် ၆၀ ကျော်မှ လုပ်ကိုင်နေသည့် လက်ယက်ရေနံတွင်းပေါင်း ၈၀၀၀ ကျော်ရှိနေပြီး အဆိုပါတွင်းများမှ တစ်နေ့လျှင် ရေနံဆီပီပါ နှစ်သောင်းထွက်ရှိကြောင်း ဦးတင်ကိုကိုဦးက ဆက်လက်ပြောသည်။

မကွေးတိုင်းအတွင်း၊ ရေနံတူးဖော်မှုများကို မကွေးတိုင်းရှိ ငဖဲ၊ မင်းလှ၊ မြိုင်၊ ပေါက်မြို့တို့တွင် အများဆုံး လုပ်ကိုင်နေ ကြပြီး စစ်ကိုင်းတိုင်းရှိ မုံရွာသို့ ရောင်းချကြသည်ဟု မကွေးမြို့ဒေသခံ ဦးကိုကိုနိုင်က ပြောသည်။

အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတရေးရာကော်မတီမှ အတွင်းရေးမှူး ဦးလှဆွေက “တစ်နေ့ကို သိန်းတစ်ရာလောက်ရနေရင် ဘယ်သူမဆိုရေနံတူးမှာပဲလေ။ ဒါကို ကျွန်တော်တို့က သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဖြစ်တယ်ဆိုပြီးထိုင် ကြည့်နေမလား”ဟု မေးခွန်းထုတ်သည်။

No comments: