Tuesday, November 25, 2014

အော်ပရေတာများ၏ ဖုန်းလိုင်း ပြတ်တောက်မှုများ ပြန်လည် ကောင်းမွန်

မောင်မန်း

ပြည်တွင်းမိုဘိုင်းဖုန်း အော်ပရေတာများဖြစ်သည့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အူရီးဒူးနှင့် တယ်လီနော ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့မှု နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် ပြန်လည် ကောင်းမွန်ခဲ့သည်ဟု အဆိုပါ အော်ပရေတာများမှ တာဝန်ရှိသူများက ဆိုသည်။

နိုဝင်ဘာ ၂၃ ရက် ညနေ ၆ နာရီ ခန့််တွင် အူရီးဒူးနှင့် တယ်လီနော ဖုန်းလိုင်းများ၏ အင်တာနက် အသုံးပြုမှု နှင့် ဖုန်းခေါ်ဆိုမှု ပြတ်တောက် ခဲ့သည်ဟု အူရီးဒူးနှင့် တယ်လီနော အသုံးပြုသူများက ဆိုသည်။

ယင်းအပြင် နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီ ခန့်မှစတင်ပြီး ပဲခူးနှင့် ပဲနွယ်ကုန်းကြား သွယ်တန်းထားသည့် ဖိုက်ဘာ ဆက်ကြောင်း ချို့ယွင်းမှုကြောင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် အထက်မြန်မာပြည်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ၏ GSM ၊ CDMA-800 ၊ CDMA-450 မိုဘိုင်းဖုန်းခေါ်ဆိုမှုများသည် ဆက်သွယ်မှု ယာယီ ပြတ်တောက်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ပြတ်တောက်မှုကို ပြင်ဆင်ပြီး ဖြစ်၍ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ပြန်လည် ကောင်းမွန်နေပြီ ဖြစ်သည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ၀က်ဘ်ဆိုက်တွင် ထုတ်ပြန် ထားသည်။

ဖုန်းလိုင်းပြတ်တောက်မှုနှင့် ပတ်သက်ပြီး အူရီးဒူးမြန်မာ ၏ အကြီးတန်း ပြန်ကြားရေးနှင့် လူမှုဆက်ဆံရေး မန်နေဂျာ ဒေါ်သီရိကြာညိုက "ဒီနေ့ နေ့လည် ၁၂ နာရီမှာ ပြန်ကောင်းသွားပါပြီ။ ပြတ်တောက်မှုဖြစ်ပွားခဲ့တဲ့ အတွက် အသုံးပြုသူတွေကို တောင်းပန်ကြောင်း စာပို့ထားပါတယ်" ဟု မဇ္ဈိမကို ပြောသည်။

ယင်းအပြင် တယ်လီနောမြန်မာ ၏ ပြန်ကြားရေးအရာရှိ ကိုစိုးသူထွန်းကလည်း "ဖိုက်ဘာဆက်ကြောင်းဘက်က ချို့ယွင်းချက် ဖြစ်သွားတဲ့ အတွက် လိုင်းကျသွားတာပါ။ ပြန်ပြီး ပြင်ဆင်ပြီးပါပြီ" ဟု ဆိုသည်။

ယင်းကဲ့သို့ ဖိုက်ဘာဆက်ကြောင်းများ ပြတ်တောက်ခြင်းများကို စနစ်တကျ လေ့လာပြီး အခြေအနေအပေါ် မူတည်၍ ပြင်ဆင်သွား ရမည် ဖြစ်ပြီး လိုအပ်ပါက ဆက်ကြောင်းလမ်းကြောင်း ပြောင်းခြင်းများ ပြုလုပ်ရန် လိုအပ်သည် ဟု ပြည်ပဆက် သွယ်ရေးဌာန(အဝေးဆက်) က အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက မဇ္ဈိမကို ပြောသည်။

ဦးစိုင်းစောလင်းထွန်းက "ဆက်ကြောင်း ပြတ်တောက်တဲ့ အကြောင်းအရင်းအပေါ်မူတည်ပြီး ပြင်ဆင်ရပါတယ်။ ရာသီဥတုကြောင့် တောင်ပြို တယ်၊ မကြာခန ဖြစ်နေတယ်ဆိုရင် လမ်းကြောင်း ပြောင်းချတာမျိုး လုပ်သင့်ရင် လုပ်ရမယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေကြောင့် ဆိုရင်လည်း ညှိနှိုင်းဆောင်ရွက်တာတွေ လုပ်ရမယ်။ ဆက်ကြောင်း ရှိတယ်ဆိုတဲ့ အမှတ်အသားတွေ ပြထားရမယ်" ဟု ဖိုက်ဘာဆက်ကြောင်းများ ပြုပြင်ထိန်းသိမ်း ခြင်းနှင့် ပတ်သက်ပြီး ပြောသည်။

No comments: