Friday, November 21, 2014

ရွှေတောင် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် မြေစာပုံပြိုကျ၊ လူနှစ်ဦး ဒဏ်ရာရရှိ

ဖြိုးဝေလင်း

ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ရွှေတောင်ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် နိုဝင်ဘာလ ၂၀ ရက်၊ ညနေ ၄ နာရီခွဲ ဝန်းကျင်က မြေစာပုံပြိုကျသဖြင့် ဆောက်လုပ်ရေးလုပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပန်းဘဲတန်းမြို့နယ်ရဲစခန်းက ဒု-ရဲမှူးသန်းနိုင်က ပြောသည်။

"မြေပြိုတာ မဟုတ်ပါဘူး။ မြေစာပုံ ပြိုကျတာပါ။ ဒဏ်ရာရတဲ့သူ နှစ်ယောက်လုံးကိုလည်း ဆေးရုံပို့လိုက်ပါပြီ။ လူသေတာတော့ မရှိပါဘူး" ဟု ၎င်းက ပြောသည်။

အထက်ပါဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်းမှ ဘက်ဖိုးကားတစ်စီးက မြေကြီးပုံရာတွင် အရှိန်လွန်၍ မြေစာပုံကိုတိုက်မိသဖြင့် ပြိုကျခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

"အရင်က ဒီအချိန်ဆို အဲ့ဒီနံရံဘေးမှာ ဈေးသည်တွေရှိတယ်။ ဒီအချိန်ဆို လူလည်းစည်တယ် ဒီလမ်းက။ အခုတရားပွဲရှိလို့ ဈေးသည်တွေ ဖယ်ထားတာ။ တရားပွဲအတွက် ဖျာခင်းပြီးလို့ သိပ်မကြာဘူး ပြိုကျတာ" ဟု ၂၇ လမ်း (အပေါ်) တွင် နေထိုင်သူတစ်ဦးက ပြောသည်။

မြေစာပုံပြိုကျသဖြင့် ပိမိခဲ့သူနှစ်ဦးအနက် တစ်ဦးမှာအခင်းဖြစ်ပွားပြီး မကြာမီအချိန်တွင် လွတ်မြောက်ခဲ့သော်လည်း ကျန်တစ်ဦးမှာ အခင်းဖြစ်ပွားပြီး မိနစ် ၃၀ ခန့်ကြာမှ လွတ်မြောက်ခဲ့သည်ဟု အဆိုပါလမ်းအတွင်းရှိ မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

"မြေစာပုံပီပြီး နာရီဝက်လောက်ကြာမှထုတ်သွားတာ။ ပြိုမကျခင်က 'အုန်း' ဆိုအသံကြားလိုက်တယ်။ အသံကြားပီးတော့ အဲ့ဒီမှာ မြေတွေပြိုကျလာတာပဲ။ ဒါတောင်ပြိုကျတဲ့နေရာမှာ ဗန်ဒါပင်ခံနေလို့။ နို့မို့ဆိုမလွယ်ဘူး" ဟု ၎င်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပက်သက်ပြီး ပန်းဘဲတန်းမြို့နယ်ရဲစခန်းက လူအသေအပျောက် မရှိသဖြင့် အမှုဖွင့်အရေးယူခြင်း မရှိသေးသည်ကိုလည်း ဒု-ရဲမှူး သန်းနိုင်က ပြောသည်။

ယခု မြေစာပုံပြိုကျသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ယခုဖြစ်စဉ်မဖြစ်ပွားမီ သြဂုတ်လ ၆ ရက်ကလည်း မြေတူးကရိန်းက လုံခြုံရေးဂိတ်တဲပေါ်သို့ လဲကျပိမိခဲ့သဖြင့် လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးသည်။

No comments: