Saturday, November 22, 2014

မက္ကာအိုနိုင်ငံ အလုပ်သမား လိုအပ်ချက်ကြောင့် မြန်မာလုပ်သား လေးသောင်းခန့် တရားဝင်ခေါ်မည်

ခင်မြတ်မြတ်ဝေ

မက္ကာအိုနိုင်ငံတွင် စားသောက်ကုန်လုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်း၊ လောင်းကစားရုံနှင့်ဆေးရုံလုပ်ငန်းများတွင် မြန်မာလုပ်သားများ ၃ သောင်းနှင့် ၄ သောင်းအကြား လုပ်ကိုင်နိုင်ရန် တရားဝင် ခေါ်ယူသွားမည်ဟု မြန်မာနိုင်ငံ ပြင်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင် ကပြောသည်။

မြန်မာနိုင်ငံ ပြင်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်နှင့် မက္ကာအိုနိုင်ငံ MACAU Overseas Workers Employment Agency Association (MOWEAA)တို့ နှစ်နိုင်ငံ အလုပ်သမားစေလွှတ်ရေး နားလည်မှုစာချွန်လွှာရေးထိုးပွဲကို ယုဇန ဟိုတယ်တွင် နိုဝင်ဘာ ၂၁ ရက်က ကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် ပြောခဲ့ခြင်း ဖြစ်သည်။

"သူတို့ဘက်ကတော့ ၂၅ ရက်အတွင်း သူတို့ နိုင်ငံကို ရောက်စေချင်တယ်။ သူတို့ဘက်မှာက မြန်မာလုပ်သားလိုပါတယ်။ Casino (လောင်းကစားရုံ) လုပ်ငန်းတွေလည်းပါတယ်။ ဒါပေမယ့် သူတို့နိုင်ငံကလည်း စကာင်္ပူလို ဥပဒေလိုက်စားတော့ မိန်ကလေးတွေအတွက် စိတ်ချရပါတယ်" ဟု ၎င်းကပြောသည်။

အလုပ်သမားခေါ်ယူမှု အတွက် အလုပ်သမားခံစားခွင့်၊ လစာ၊ အချိန်ပို လုပ်အားခများအား အကြမ်းဖျင်း ညှိနှိုင်းခဲ့ရာ နေစရိတ်အား တစ်လလျှင် အလုပ်ရှင်ဘက်မှ မက္ကာအိုငွေ ၆၀၀ (မြန်မာကျပ်ငွေ ၇သောင်းခွဲဝန်းကျင်) ပေးမည်ဟု အကြမ်းဖျင်းသဘောတူထားသည်ဟု ဦးမင်းလှိုင်ကဆိုသည်။

အခြေခံအလုပ်သမားများတစ်ဦး၏ လုပ်ခလစာကို တစ်လလျှင် ကန်ဒေါ်လာ ၅၀၀မှ ၇၀၀ကြား၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများအတွက် လုပ်ခလစာ ဒေါ်လာ ၇၀၀မှ ၁၀၀၀ကြား၊ ကျွမ်းကျင်လုပ်သားများ (ဘာသာစကားအပြင် ကွန်ပြူတာ ကျွမ်းကျင်လုပ်သားများ) အတွက် ဒေါ်လာ ၁၀၀၀ မှ ၁၅၀၀ အတွင်းရမည်ဟု ဆိုသည်။ အလုပ်သွားရောက်လုပ်ကိုင်သူများက အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများကို ဝန်ဆောင်မှုအဖြစ် မိမိရရှိသည့် လုပ်ငန်းပေါ်မူတည်၍ လစာ၏ လေးလစာ မသွားမီ ပေးဆောင်ရမည်ဟု ၎င်းက ပြောသည်။

အလုပ်သမားများ အတွက် အကြမ်းဖျင်း သဘောတူညီချက်အရ အလုပ်ချိန် တစ်နေ့ ၈ နာရီသတ်မှတ်ထားပြီး တစ်ပတ် ၁ ရက် နားခွင့် နှင့် ဆေးခွင့် တစ်နှစ်လျှင် ၁၀ ရက်သတ်မှတ်ထားသည်။

မက္ကာအိုနိုင်ငံသည် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကို ဦးစားပေးလုပ်ကိုင်သောကြောင့် နေ့စဉ်နဲ့အမျှ အလုပ်သမား လိုအပ်ချက် ကြီးမားနေ၍ ယခုကဲ့သို့ ခေါ်ယူရခြင်းဖြစ်သည်ဟု မက္ကာအိုနိုင်ငံ (MOWEAA) အဖွဲ့မှ MR. AO LEONG KUONG KAO က ပြောသည်။ ယင်းအပြင် လောင်းကစားရုံ ၆ ရုံကိုလည်း ထပ်မံဆောက်လုပ်မည်ဖြစ်၍ အလုပ်သမားများ လိုအပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

မက္ကာအိုနိုင်ငံ လူဦးရေသည် ၆ သိန်း ၆ သောင်းရှိပြီး အလုပ်နေရာ ၃သိန်း ၈သောင်း ရှိသည့်အနက် အလုပ်အကိုင်ပေါင်း ၂သိန်း ၂ သောင်းခန့်သည် မက္ကာအိုနိုင်ငံသားများ လုပ်ကိုင်လျှက်ရှိသည်။ ကျန်ရှိနေသော အလုပ်အကိုင်ပေါင်း ၁ သိန်း ၆ သောင်းအတွက် ပြည်ပမှ အလုပ်သမားများ ခေါ်ယူကာ လုပ်ကိုင်နေရခြင်း ဖြစ်သည်။

လာမည့်နှစ်တွင် မက္ကာအို နိုင်ငံတွင် ပြည်ပလုပ်သား ၃ သောင်းမှ ၄ သောင်းကြား လိုအပ်နေသည်ဟု MR. AO LEONG KUONG KAO က ဆိုသည်။

No comments: