Wednesday, November 26, 2014

အာဆီယံ ငွေကြေးပေါင်းစည်းမှု စိန်ခေါ်မှုများ ရင်ဆိုင်နေရ

သည်ဘရူနိုင်းတိုင်းမ် (ဘန်ဒါဆရီဘီဂါဝမ်)

အာဆီယံ နိုင်ငံများအတွင်း၌ ငွေကြေးဆိုင်ရာ ညွှန်ကြားချက်များနှင့် ဆန့်ကျင်နေမည်ဆိုလျှင် ၂၀၂၀ ပြည့်နှစ်တွင် အာဆီယံ ကို ငွေကြေးပေါင်းစည်းမှုပါ လုပ်သွားမည်ဟူသော ရည်မှန်းချက်အပေါ် မကောင်း သောအကျိုးသက်ရောက်မှုများ ပေါ်ပေါက် လာစေနိုင်ကြောင်း အဆင့် သတ်မှတ်ရေး အေဂျင်စီတစ်ခုမှ လေ့လာဆန်းစစ်သူ တစ်ဦးက ပြောသည်။

လွန်ခဲ့သော သီတင်းပတ်က ငွေကြေးပေါင်းစည်းရေး၊ ဘဏ်လုပ်ငန်း ပေါင်းစည်းရေး ခရီးရှည်ဟူသော ကွန်ဖရင့်တွင် စတန်းဒတ်နှင့် ပူးဝါးအဆင့် သတ်မှတ်ရေး လုပ်ငန်းမှ မလေးရှားနှင့် စင်ကာပူနိုင်ငံဆိုင်ရာ ဒါရိုက် တာ အီဗန်တတန်က အာဆီယံငွေကြေးလွတ်လပ်မှု များ ပြုလုပ်သွားရေးတွင် အရှိန်အဟုန် မတူညီမှုများကြောင့် အဖွဲ့ဝင်နိုင်ငံများအတွင်း ငွေကြေးပေါင်းစည်းမှုမှာ လျှောက်ရမည့် လမ်းရှည်သွားမည်ဟု ပြောသွားခြင်းဖြစ်သည်။

အာဆီယံသည် ဥပဒေစည်းမျဉ်းအခြေခံမူများတွင် တိုးတက်မှု တစ်ပြေးညီမရှိသော နိုင်ငံများဖြင့် ဖွဲ့စည်းထားသော အဖွဲ့ တစ်ဖွဲ့ဖြစ်ရာ ယင်း၏ ငွေကြေးပေါင်းစည်းမှုကို လုပ်ရာ၌ ရှည်လျားသော လမ်းခရီးနှင့် ခက်ခဲသော လုပ်ငန်းစဉ်တို့ကို ရင်ဆိုင်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အချို့နိုင်ငံများသည် မူဝါဒကန့်သတ်မှုတွေ ဖယ်ရှားလျက် လမ်းကြောင်းအမှန်အတိုင်း လျှောက်နေနိုင်ပြီဖြစ် သော်လည်း အချို့က ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒများကို ဖက်တွယ်ထားဆဲ သို့မဟုတ် ယင်းကို တောင့်တင်းအောင် ပြုလုပ်နေဆဲဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ဖိလစ်ပိုင်သည် မကြာသေးမီက ဘဏ်ပိုင်ဆိုင်မှုနှင့် ပတ်သက်သော စည်းကမ်းသတ်မှတ်ချက်များကို ဖယ်ရှားပေးခဲ့သည်။ ထိုသို့ ပြုလိုက်၍ နိုင်ငံခြားဘဏ်တစ်ခုက ပြည်တွင်းဘဏ်တစ်ခုတွင် ၁၀၀ ရာခိုင်နှုန်း ပိုင်ခွင့်ရမည် သို့မဟုတ် နိုင်ငံ၏ ဥပဒေများအရ ပေါင်းစည်းထားသော ဘဏ်ခွဲတစ်ခုကို ဖွင့်ရမည်ဖြစ်ပေသည်။

ဗီယက်နမ်သည် အိမ်ရှင်နိုင်ငံက ၃၀ ရာခိုင်နှုန်းပိုင်ခွင့်ကို ရယူထားဆဲဖြစ်ပြီး အင်ဒိုနီးရှားက ၄၀ ရာခိုင်နှုန်း အထိသာ ကန့်သတ်ထားသည်။ ယခင်က ၉၈ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ပေးထားခဲ့ရာမှာ နောက်ပြန် ဆုတ်သွားခြင်းဖြစ်သည်။

“ကျွန်တော် ပြောချင်တာက ရည်မှန်းချက်က ရှိနေပြီးသားပါပဲ။ သွားနေတဲ့မြန် ရှိန်၊ ဦးတည်ရာအချက်တို့က အဖွဲ့ဝင်နိုင်ငံတွေမှာ အတော်ကလေး မတူကွဲပြားနေတာ ရှိမှာဖြစ်လို့ တစ်ဦးနဲ့ တစ်ဦးမတူဘဲ ရွေ့လျားသွားနိုင်တယ်ဆိုတဲ့ အချက်ပါပဲ” ဟု ၎င်းက ပြောသည်။

ဥပဒေစည်းကမ်းများ မတူညီခြင်းဆိုသည်မှာ ပြည်တွင်းဘဏ်တွေကို ခွင့်ပြုထားသည်များ နိုင်ငံခြားဘဏ်များအား ကန့်သတ်ချုပ်ထားခြင်းမျိုးကို ဆိုလိုပေသည်။

ငွေကြေးပေါင်းစည်းမှုမှာ အာဆီယံ စီးပွားရေး အသိုင်းအဝန်း (အေအီးစီ) ၏ အခြေခံအချက် တစ်ချက်ဖြစ်ပြီး ၂၀၂၀ တွင် အဖွဲ့ဝင် နိုင်ငံများအတွင်း စီးပွားရေး ပေါင်းစည်းမှု ဖြစ်ပေါ်လာရန် ရည်မှန်းထားသည်။

No comments: