Saturday, November 1, 2014

နိုင်ငံသားပြုခွင့်ရသူများကို လဝက ဝန်ကြီးကိုယ်တိုင် နိုင်ငံသားကတ်ပြားပေးမည်

ကေဇူး

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဒုက္ခသည် စခန်းတွင် ၁၉၈၂ ဥပဒေအရ စိစစ်ပြီး နိုင်ငံသားဖြစ်ခွင့်ရရှိပြီး သူများကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်ရီ ကိုယ်တိုင် နိုင်ငံသား အသိအမှတ်ပြုကတ်များ ပေးအပ်သွားမည်ဟု ရခိုင်ပြည်နယ် လ၀က ဦးစီးမှူးဦးခင်စိုးက ပြောသည်။

နိုင်ငံသားပြုခွင့် လျှောက်ထားသူ ငါးရာကျော်ကို ပြည်ထောင်စုအဆင့် စိစစ်ရန် တင်ပြထားပြီး ပြုခွင့်ရသူ အရေအတွက်ကိုမူ ထုတ်ပြန်ပေးခြင်း မရှိသေးဟု ဆိုသည်။

ဦးခင်စိုးက “ဘယ်နှစ်ယောက် နိုင်ငံသားပြုခွင့်ရတယ်ဆိုတာ ၀န်ကြီးလာမှသိမယ် အခုတော့ ပြည်နယ်ကိုလည်း ပြန်မပြောသေးဘူး” ဟု မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေဖြင့် နိုင်ငံသားစိစစ်ခြင်းကို ခေတ္တရပ်နားထားပြီး ဆက်လက် လုပ်ဆောင်ရေးနှင့်ပတ်သက်သည့် အချက်များကို နိုဝင်ဘာ ၁ရက်တွင် ဝန်ကြီးက လာရောက် ဆွေးနွေးမည်ဟုလည်း ဦးခင်စိုးကပြောသည်။

ပြည်နယ်အဆင့် ညှိနှိုင်းရေးအဖွဲ့ဝင် ဦးသာပွင့်က “အစိုးရက ဘင်္ဂလီလို့ လက်ခံပေမယ့် ဒီဘက်ကမှ ရိုဟင်ဂျာလို့ ထည့်မယ့်သူတွေ ချည်းပဲရှိတဲ့အတွက်၊ မြေပြင်မှာ ဖြစ်နေတဲ့ အနေအထားအရ ၈၂ ဥပဒေကို တိတိကျကျ အကောင်အထည်ဖော်ဖို့ မလွယ်ကူဘူး”ဟု သုံးသပ်သည်။

ရခိုင်ပြည်နယ် မြေပုံမြို့တွင် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို သြဂုတ်လက စတင်၍ လူတွေ့စစ်ဆေးခဲ့ပြီး နိုင်ငံသားပြုခွင့် ရရှိရေးအတွက် ပြည်ထောင်စုအဆင့် တင်ပြထားသူ ၅၃၄ ဦးရှိသည်။

No comments: