Friday, November 21, 2014

ဘူးသီးတောင်တွင် ကုန်ဈေးနုန်းတက်၍ လူထု စားဝတ်နေရေး အခက်အခဲဖြစ်

ခိုင်ခိုင်ဇံ

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် ဘူးသီးတောင်မြို့တွင် စားသောက်ကုန်ဈေးနုန်းများ တဖြည်းဖြည်း မြှင့်တက် လာနေသဖြင့် လူထု အနေဖြင့် စားဝတ်နေရေးအခက်အခဲ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောကြားသည်။

ကုန်ဈေးနုန်းမှာ နိုဝင်ဘာ ဒုတိယအပတ်မှ စပြီး တဖြည်းဖြည်း မြှင့်တက်လာနေကြောင်း၊ အောက်တိုဘာလ အတွင်းက ပေါ်ဆန်မွေး တစ်အိတ် ၂၈၀၀၀ ကျပ် ဈေးရှိနေရာမှ နိုဝင်ဘာလ ဒုတိယအပတ်တွင် တစ်အိတ်လျှင် ၃၁၀၀၀ ကျပ်ထိ မြင့်တက်လာကြောင်း ဘူးသီးတောင်မြို့ မှ မအေးငြိမ်းစံက ပြောသည်။

“ ဆန်ဈေးက အကျမရှိဘူး။ တဖြည်းဖြည်းနဲ့မြှင့်တက်လာတယ်။ ကျွန်မတို့က ၀ယ်စားဖို့ အခက်အခဲ ဖြစ်လာတယ်။ ငတ်ပီး မသေနိုင်တော့ ၀ယ်စားရတာပါဘဲ။ ကျွန်မတို့ အငတ်မှ ခံမနေနိုင်တာ။ ဈေးကြီးရင်လည်း ၀ယ်စားရတာပါဘဲ” ဟု သူမက ပြောသည်။

ဆန်ဈေးနှုန်း မြင့်တက်လာရခြင်း အကြောင်းမှာ ကောက်သစ်စပါးများ မပေါ်လာသေးသည့်အတွက်ကြောင့် ဖြစ်ကြောင်း ဘူးသီးတောင်မြို့ မှ ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင်တစ်ဦး ဖြစ်သူ ဦးထွန်းအောင်သိန်းက ပြောဆိုသည်။

ဘူးသီးတောင်မြို့တွင် ဖြစ်ပေါ်နေသော ဆန်ဈေးနုန်းမှာ ဧည့်မထ တစ်အိတ်လျှင် ယခင်က ၁၄၅၀၀ကျပ်ရှိခဲ့ပြီး၊ ယခု ၁၆၅၀၀ ကျပ်။ ယခင် ပေါ်ဆန်မွေးတစ်အိတ် ၂၉၀၀၀ကျပ်ရှိခဲ့ပြီး ယခု ၃၁၀၀၀ကျပ် ဖြစ်ကြောင်း သိရသည်။

ကုန်းဈေးနုန်းမြှင့်တက်နေခြင်းနှင့် ပတ်သတ်ပြီး ဘူးသီးတောင်မြို့နယ် ခထွီးလှကျေးရွာမှ အမျိုးသမီးတစ်ဦးက ယခုလို သူမ၏ အခက်အခဲကို ပြောဆိုသည်။

“ ဟင်းသီးဟင်းရွက်တွေရော၊ ဆန်ဈေးတွေရော၊ ကုန်စိမ်းကုန်ခြောက်တွေရော အကုန်လုံး အရမ်းကို ဈေးတက် ပါတယ်။ ကျွန်မတို့ ရွာသူရွာသားတွေက တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့သူတွေ ဆိုတော့ ခုလို ကုန်ဈေးနုန်း တက်တော့ စားဝတ် နေရေး အခက်အခဲရှိပါတယ်။ တချို့မိသားစုတွေလည်း ထမင်းနပ်မှန်ဖို့ မနည်းကို ကြိုးစားနေရပါတယ်” ဟု သူမက ပြောသည်။

ဘူးသီးတောင်ဈေးတွင် ကြက်ဥ ၈လုံး ငွေ ၁၀၀၀ ကျပ်ရှိကြောင်း၊ ကြက်သွန်နီ တစ်ပိဿကို ယခင် က ၄၀၀ကျပ် ရှိပြီး၊ ယခု ၆၀၀ ကျပ်ပေးပြီး ၀ယ်ယူရကြောင်း၊ အခြားသောစားသောက် ကုန်ဈေးနှုန်း အသီးသီးမှာလည်း တိုးမြင့်နေကြောင်း သူမက ပြောကြားသည်။

ဘူးသီးတောင်မြို့ မှ ဆန်ကုန်သည်တစ်ဦးဖြစ်သူ ဦးကျော်ပုက “ ခုအချိန်ဆို ဆန်သစ်ပေါ်ချိန် ဖြစ်တဲ့အတွက် ဆန်ဟောင်း တွေက ရှားပါးလာပါတယ်။ အဲဒီ အတွက်ကြောင်း ဈေးတက်လာတာ ဖြစ်ပါတယ်။ ပြီးတော့ ဆန်သစ်တွေက ထမင်းမတက်သလို ချက်လို့ လည်း အဆင်မပြေဘူး။ ဆန်ဟောင်းတွေက ချက်ပြုတ် ရတာ အဆင်ပြေပါတယ်။ ဒါကြောင့် လူတွေက ဆန်ဟောင်းကို ပိုဝယ်ယူကြတဲ့အတွက် ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဘူးသီးတောင်မြို့တွင် ဆန်ဈေးကောင်းနေသဖြင့် ပုဏ္ဏားကျွန်း၊ မင်းပြားမြို့နယ်နှင့် တခြားမြို့ နယ်များမှ ဆန်များကို တင်ပို့နေကြပြီး ဘူးသီးတောင်မြို့ ရှိ ဆန်ပွဲရုံများသို့ သူ့ ဖေါက်သည်နှင့်သူ တင်သွင်း ရောင်းချနေကြကြောင်း ဆန်ကုန်သည်ဖြစ်သူ ဦးကျော်ပုက ဆက်လက် ပြောဆိုခဲ့သည်။

No comments: