Saturday, November 1, 2014

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ကျပ်ငွေ ၁၂ ဘီလျံကုန်ကျမည့် တန်ဖိုးမျှအိမ်ရာစီမံကိန်း စတင်

နိုင်နိုင်ဇော်

ကျပ်ငွေ ၁၂ ဘီလျံကုန်ကျမည့် စစ်ကိုင်းတိုင်း မုံရွာမြို့တွင် တန်ဖိုးမျှအိမ်ရာစီမံကိန်း စတင်အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း စစ်ကိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ပြောသည်။

စတုရန်းပေ ၅၁၅ ပေရှိသည့် တိုက်ခန်းပေါင်း ၈၈၀ ပါဝင်သည့် အဆိုပါစီမံကိန်းအား ၂၀၁၅ ခုနှစ် အတွင်း အပြီးတည်ဆောက်သွားရန် စီစဉ်နေကြောင်း အဆိုပါဌာန တိုင်းဦးစီးမှူး ဦးနိုင်လင်းက ပြောသည်။

၎င်းက“တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးပြီး ဒီစီမံကိန်းအကောင်အထည်ဖော်နေတာ

ပါ။ ခန့်မှန်း ကုန်ကျငွေ ၁၂ ဘီလီယံ မှန်းထားပြီး ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို တည်ဆောက်ခိုင်းမှာပါ။ ထွက်လာတဲ့အခန်း အရေအတွက်နဲ့ ကုန်ကျငွေကို တွက်ချက်ပြီး လုပ်ငန်းရှင်စိုက်ထုတ်ငွေနဲ့ အကျိုးအမြတ်ပြန်ခွဲပေးမှာ”ဟု ဆိုသည်။

မုံရွာမြို့နယ် နန္ဒ၀န်ရပ်ကွက်အတွင်းရှိ မြေဧရိယာ ငါးဧကပေါ်တွင် အဆိုပါစီမံကိန်းအကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ရှစ်ခန်းတွဲ ငါးထပ်တိုက် ၁၂ လုံးပါဝင်မည်ဖြစ်ပြီး မန္တလေးတန်းဖိုးနည်းအိမ်ရာပုံစံကဲ့သို့ လုပ် ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။

တန်းဖိုးမျှတိုက်ခန်းတစ်ခုလျှင် ကျပ်သိန်း ၁၁၀ နီးပါးဖြင့်ရောင်းချနိုင်မည်ဟု မျှော်မှန်းထားသော်လည်း အသေးစိတ်အချက်အလက် များကို ဆောက်လုပ်ရေးလုပ်ငန်းပြီးစီးချိန်မှသာ အတိအကျပြောဆိုနိုင်မည်ဖြစ် ကြောင်း စစ်ကိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ပြောသည်။

တိုင်းဒေသကြီးအစိုးရမှ အကောင်အထည်ဖော်သည်ဟုဆိုသော်လည်း ထွက်ရှိလာသည့် တိုက်ခန်းများကို အစိုးရ၀န်ထမ်းများ အပြင် ပြည်သူများကိုပါ တစ်ပြေးညီ ရောင်းချပေးမည်ဟုလည်း စစ်ကိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်ထမ်းတစ်ဦးက ပြောသည်။

ပထမဆုံးစတင်သည့် ယင်းတန်ဖိုးမျှအိမ်ရာစီမံကိန်း အောင်မြင်ပါက တိုင်းဒေသသကြီးအတွင်းရှိ ကျန်နေရာများတွင် ထပ်မံ အကောင်အထည်ဖော်သွားမည် ဟုလည်း အစိုးရအဖွဲ့ဝင်တာဝန်ရှိသူက ထပ်မံ ပြောသည်။

No comments: