Tuesday, November 18, 2014

သီရိမန္တလာ ယာဉ်လိုင်းအချို့ကို သားသတ်ရုံ ဟောင်းနေရာသို့ ပြောင်းရွှေ့ရန် စီစဉ်နေ

မြတ်မင်း

သီရိမန္တလာခရီးသည်တင် ယာဉ်ရပ်နားစခန်းအတွင်းရှိ မိုင်ငါးဆယ်အတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းများ ကို စိန်ပန်းရပ်ရှိ သားသတ်ရုံဟောင်း နေရာသို့ ပြောင်းရွှေ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးမြို့ တော်ဝန် ဦးအောင်မောင်းက ပြောသည်။

“စိန်ပန်းသားသတ်ရုံကို ရွှေ့မယ်။ တင်ဒါလည်း ခေါ်ပြီးပါပြီ။ အဲဒီစိန်ပန်းသား သတ်ရုံနေရာကို ကားကွင်း ရွှေ့မှာပါ” ဟု ၎င်းက ပြောသည်။

မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်ရှိ သားသတ်ရုံကို မန္တလေးမြို့အထွက် တောင်အင်းမြောက်အင်း သို့ ရွှေ့ပြောင်းရန် ယခင်လက တင်ဒါခေါ်ယူထားပြီးဖြစ်ရာ ၎င်းသားသတ်ရုံရွှေ့ပြောင်းပြီးစီးပါက သီရိမန္တလာကားကွင်းရှိ ယာဉ်လိုင်းအချို့ကို ပြောင်းရွှေ့ရန် စီစဉ်ထားကြောင်းဆိုသည်။

လက်ရှိ သီရိမန္တလာကားကွင်းသည် မြို့တွင်းတွင်တည်ရှိပြီး ကားကွင်းဧရိယာထက် ယာဉ်အသင်းများ အဆမတန်များ နေသောကြောင့် ယာဉ်ကြောပိတ်ဆို့ခြင်းများ မကြာခဏ ဖြစ်ပွားလျက်ရှိသည့် အဝေးပြေး ခရီးသည်တင်ယာဉ်ရပ်နားစခန်း တစ်ခုလည်း ဖြစ်သည်။

ထို့အပြင် ကားကွင်းအတွင်း အခြေစိုက်ထားသည့် ယာဉ်အသင်းများသည် မတူညီသည့် ခရီးစဉ်များသို့ ပြေးဆွဲနေသည့်အတွက် မန္တလေးမြို့မှ မိုင်ငါးဆယ်အတွင်း ခရီးစဉ်များကို စိန်ပန်းရပ်သို့ ပြောင်းရွှေ့မည်ဟု ဆိုသည်။

သီရိမန္တလာကားကွင်းတွင် မန္တလေးမှ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မိုးကုတ်၊ မတ္တရာနှင့် သပိတ်ကျင်းစသည့် ခရီးစဉ်အများအပြားကို ပြေးဆွဲနေသည့်ယာဉ်အသင်းများ အခြေစိုက်ထား သည့်အပြင် ယခင်က ကားငယ်များဖြင့်သာ ပြေးဆွဲခဲ့သော်လည်း ယခုအခါ လေအိတ်ကားကြီးများ အသုံး ပြုလာကြသောကြောင့် ကားကွင်းအကျယ်အ၀န်းနှင့် မမျှသည့်အနေအထားဖြစ်နေကြောင်း မန္တလေးတိုင်း အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းက ပြောသည်။

အဆိုပါကားကွင်းကို ဖွင့်လှစ်စဉ်က ယာဉ်အသင်းပေါင်း ၇၀ ခန့်သာရှိပြီး ယခုအခါ ယာဉ်အသင်းပေါင်း ၁၇၀ အထိ တိုးလာကြောင်း အဆိုပါကော်မတီ၏ စာရင်းများအရ သိရသည်။

No comments: