Friday, November 21, 2014

ကန် တစ်ဒေါ်လာလျှင် ၁,၀၅၆ ကျပ်အထိ ရောက်ရှိလာ

ဆန်းနယုန်

အောက်တိုဘာ ၁၈ ရက်မှ စတင်တက်ရိပ်ပြလာသော နိုင်ငံခြားငွေလဲနှုန်းသည် ဆက်တိုက်မြင့်တက်ခဲ့ပြီး ရက် ၃၀ အတွင်း မြန်မာကျပ်ငွေသည် ၆ ဒသမ ၃၄ ရာခိုင်နှုန်းကျဆင်းလာရာ နိုဝင်ဘာ ၁၈ ရက်တွင် ပြင်ပဈေးကွက်၌ ကန်တစ်ဒေါ်လာလျှင် ၁,၀၅၆ ကျပ်အထိ ရောက်ရှိလာသည်ဟု ငွေကြေးဈေးကွက်အတွင်း ရောင်းဝယ်နေသူများက ပြောသည်။

နိုင်ငံခြားငွေလဲနှုန်းသည် တစ်ရက်ထက် တစ်ရက်ဆက်တိုက်မြင့်တက်လျက်ရှိပြီး နိုဝင်ဘာ ၁၇ ရက်က ကန်တစ် ဒေါ်လာလျှင် ၁၀၃၈ ကျပ်၊ နိုဝင်ဘာ ၁၅-၁၆ ပိတ်ရက်များတွင် ၁,၀၃၅ ကျပ်ဝန်းကျင်၊ နိုဝင်ဘာ ၁၄ ရက်၌ ၁,၀၃၁ ကျပ်ရှိခဲ့ရာမှ နိုဝင်ဘာ ၁၈ရက်တွင် ၁၈ကျပ် ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားငွေလဲနှုန်းသည် အောက်တိုဘာ ၁၈ ရက်မှ စတင်ကာ ဆက်တိုက်မြင့်တက်လာခြင်း ဖြစ်သည်။ အောက်တိုဘာ ၁၈ ရက်က ကန်တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၉၄ ကျပ်ခန့် ဖြစ်ပေါ်နေရာမှ အောက်တိုဘာ ၂၇ ရက် တွင် ၁,၀၀၃ ကျပ်အထိ မြင့်တက် ခဲ့ပြီး အောက်တိုဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ၁,၀၁၁ ကျပ်အထိ ဆက်လက် မြင့်တက်ခဲ့သည်။

အောက်တိုဘာ ၃၁ မှ နိုဝင်ဘာ ၃ ရက်အထိ ဈေးနှုန်း ၁,၀၀၈ ကျပ်အထိ ဈေးနှုန်းအနည်းငယ် ပြန်ဆင်းခဲ့သော်လည်း နိုဝင်ဘာ ၄ ရက်မှစကာ ၁,၀၁၂-၁,၀၁၃ ကျပ်အထိ ဈေးနှုန်းတက်လာပြီး နိုဝင်ဘာ ၂၈ ရက်အထိ ဆက်တိုက်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

သိမ်ဖြူငွေလဲကောင်တာများတွင်လည်း ငွေလဲနှုန်းဆက်လက် မြင့်တက်နေပြီး နိုဝင်ဘာ ၁၈ ရက်က ကန်တစ်ဒေါ်လာလျှင် ဝယ်ဈေး ၁,၀၃၃ ကျပ်၊ ရောင်းဈေး ၁,၀၄၇ ကျပ်ဝန်းကျင်ဖြစ်ပေါ်နေကာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာ ကန်တစ်ဒေါ်လာလျှင် ၁,၀၄၀ ကျပ်ဖြစ်သည်။

ပို့ကုန်ရငွေ (Earning) ဈေးသည် နိုဝင်ဘာ ၁၈ ရက်၌ ကန်တစ်ဒေါ်လာလျှင် ၁,၀၆၁ ကျပ်ဖြင့် ရောင်းဝယ်နေကြပြီး ကုန်သွယ်ရေးလုပ်ငန်းရှင်များ အရောင်းအ၀ယ်ပြုလုပ်သည့် စင်ကာပူအဝေးဈေးသည် ကန်တစ်ဒေါ်လာ လျှင် ၁,၀၆၁-၁,၀၆၂ ကျပ်အထိ ဖြစ်ပေါ်နေသည်။

နိုင်ငံတကာရွှေဈေးသည် နိုဝင်ဘာ ၁၂ ရက်မှ စတင်ကာ တဖြည်းဖြည်း ပြန်တက်လာသော်လည်း နိုင်ငံခြားငွေလဲနှုန်း မကျဆင်းဘဲ ဆက်တိုက်မြင့်တက်နေခြင်းဖြစ်သည်။ အောက်တိုဘာ ၂၂ရက်က ရွှေဈေးနှုန်း ၁၆ပဲရည် တစ်ကျပ်သားလျှင် ၆၆၁,၅၀၀ ကျပ်ရှိခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်တွင် ၆၃၃,၅၀၀ ကျပ်အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းပြည်ပ ရွှေဈေးနှုန်းသည် နိုဝင်ဘာ ၁၂ရက်မှ စတင်ကာ ပြန်လည်မြင့် တက်ခဲ့ပြီး နိုဝင်ဘာ ၁၈ ရက် ပြည်တွင်းရွှေပေါက်ဈေးမှာ ၆၅၂,၀၀၀ ကျပ်ဖြစ်သည်။

No comments: