Mizzima
ကျောင်းသား သမဂ္ဂများ၏ အစိုးရက အတည်ပြ ပြဌာန်းထားသည့် အမျိုးသားပညာရေး ဥပဒေအပေါ် ကန့်ကွက်ကာ ထိုင်သပိတ်ဆင်နွဲမှုကို ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ယက်က ထောက်ခံကြောင်း သဘောထား ကြေငြာချက်ကို နိုဝင်ဘာ ၁၅ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
ထိုကြေငြာချက်တွင် နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ရက်တွင် ကျင်းပခဲ့သည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည့် အစိုးရက ပြဋ္ဌာန်းလိုက်သည့် အမျိုးသားပညာရေး ဥပဒေကို ယင်းအစည်းအဝေးမှ ကန့်ကွက်ပြီး ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ပညာရေးဥပဒေတစ်ရပ် ပေါ်ထွန်းလာရေးအတွက် တိုက်ပွဲဝင်သွားမည်ဟူသော ထုတ်ပြန်ချက်ကို ထောက်ခံကြောင်းနှင့် နိုဝင်ဘာ ၁၄ ရက်မှ စတင်ကာ သပိတ်မှောက်ခြင်းကိုလည်း ထောက်ခံကြောင်း ပါရှိသည်။
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးကလည်း ကျောင်းသားများ၏ လှုပ်ရှားမှုကို လေးလေးနက်နက် ထောက်ခံသည်ဟု ပြောကြားလိုက်သည်။
ကျောင်းသားများက နေ့လည်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း သွားရောက်ခဲ့ပြီး ထိုင်သပိတ် ဆင်နွဲခဲ့သေးသည်။ ထိုမှတစ်ဆင့် လှည်းတန်းသို့ ချီတက်ကာ ကုန်းကျော်တံတား အောက်တွင် ထိုင်သပိတ် ဆက်လက်ဆင်နွဲခဲ့ခြင်း ဖြစ်သည်။
နံနက်ပိုင်းကလည်း ၈မိုင်လမ်းဆုံမှ လှည်းတန်းအထိ ချီတက် ဆန္ဒပြခဲ့ပြီး ထိုမှတစ်ဆင့် ရန်ကုန်တက္ကသိုလ်သို့ သွားခဲ့ခြင်းဖြစ်သည်။
၎င်းတို့၏ လှုပ်ရှားမှုကို ထောက်ခံသည့် အနေဖြင့် ကဗျာဆရာများ၊ ပန်းရဲ့လမ်းအဖွဲ့စသည့် အဖွဲ့များကလည်း လာရောက်ပူးပေါင်းကာ ကဗျာများ ရွတ်ဖတ်ခြင်း၊ သီဆို ဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့သည်။
No comments:
Post a Comment