ဟိန်းကိုစိုး
မိမွေးတိုင်း ဖမွေးတိုင်း မျက်မြင်ထားရှိ၍ ထိတွေ့ စစ်ဆေးသည်ဟု ဝေဖန်နေရသည့် ရဲမေသင်တန်း အကြိုဆေးစစ်ဆေးခြင်း လုပ်ငန်းစဉ် အမှန်ဖြစ်ခဲ့သည်ဆိုပါက ထိရောက်စွာ အရေးယူရန် စုံစမ်းစစ်ဆေးနေသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲလေ့ကျင့်ရေး အရာရှိ ရဲမှုးချုပ် သူရဘိုနီက နိုဝင်ဘာ ၁၉ ရက်တွင် မဇ္ဈိမကိုပြောသည်။
"အခု စတင်စစ်ဆေးမှုကို လုပ်နေပါပြီ။ ဘယ်တော့ အပြီးလုပ်မယ်ဆိုတာကိုတော့ မရှိသေးဘူး၊ အဖြစ်မှန်ပေါ်ဖို့ စုံစမ်းနေတာပါ။ စစ်နေတဲ့ သူတွေက ဘယ်သူဆိုတာတော့ ပြောမရသေးပါဘူး" ဟု ၎င်းကဆိုသည်။
လက်ရှိအချိန်တွင် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေချိန်သာဖြစ်၍ မည်သို့အရေးယူမည်ဆိုသည်နှင့် မည်သည့်အချိန်တွင် ထုတ်ပြန်ပေးနိုင်မည် ဆိုသည်ကို မဆုံးဖြတ်ရသေးဟု ရဲမှုးချုပ် သူရဘိုနီက ပြေသည်။
စစ်ဆေးတွေ့ရှိချက်များကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် အခြားသောတာဝန်ရှိသူ အဆင့်ဆင့်ထံ တင်ပြမည်ဟု ၎င်းက ဆိုသည်။
ရဲမေသင်တန်း အမှတ်စဉ် ၈၀ ဝင်ခွင့်ဖြေဆိုရန် ဆေးစစ်မှုခံယူသည့် အမျိုးသမီးများကို ဆရာဝန်က မိမွေးတိုင်း ဖမွေးတိုင်း ကြည့်ရှု စစ်ဆေးခြင်း၊ ထိတွေ့စစ်ဆေးခြင်းတို့အပြင် သင်တန်းဝင်ခွင့်ရရန် လာဘ်ပေးလာဘ်ယူမှုများ ရှိခဲ့သည်ဟု အင်တာနက် လူမှုကွန်ရက် စာမျက်နှာများနှင့် သတင်း မီဒီယာအချို့တွင် နိုဝင်ဘာ အစောပိုင်းကာလအတွင်း ဖော်ပြပါရှိပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်
No comments:
Post a Comment