Saturday, November 22, 2014

ရှမ်းနှစ်သစ်ကူးပွဲ မီးပုံးပျံပြိုင်ပွဲ ထည့်သွင်းထား

ဂျွန်ချစ်ငြိမ်း

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲအတွင်း ရာသီဥတုဆိုးရွား၍ လူသေဆုံးသည်အထိ မတော်တဆ မှုဖြစ်ပွားခဲ့သော်လည်း နိုဝင်ဘာ ၁၈ ရက်မှစ၍ ရှစ်ရက်တိုင် ကျင်းပနေသည့် ရှမ်းပြက္ခဒိန်နှစ် ၂၁၀၉ ခုနှစ်၊ ရှမ်းနှစ်သစ်ကူးပွဲတော်တွင် မီးပုံးပျံပြိုင်ပွဲထည့်သွင်း ယှဉ်ပြိုင်နေသည်။

ရှမ်းနှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာလဆန်းအတွင်း မီးပုံးပျံပြိုင်ပွဲကျင်းပခဲ့သည့် တောင်ကြီးမြို့ အဝေရာမီးပုံး ပျံကွင်းတွင်ပင် ပြုလုပ်နေခြင်း ဖြစ်သော်လည်း ရာသီဥတုသာယာကာ မီးပုံးပျံ ၃၂ လုံးပါဝင် ယှဉ်ပြိုင်ရန် စာရင်းပေးထားသည်ဟု ကျင်းပရေးကော်မတီက ပြောသည်။

ညမီးကြီး (A) (B) နှစ်မျိုးစလုံးကို ပထမဆု ကျပ် သိန်း ၆၀၊ ဒုတိယဆု ကျပ်သိန်း ၅၀၊ တတိယဆု ၄၅ သိန်း နှင့် စတုတ္ထ၊ ပဉ္စမဆုတို့ကို ကျပ်သိန်း ၃၀ စီချီးမြှင့်ပေးသွားမည်ဟု မီးပုံးပျံ အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့ ခေါင်းဆောင် ဦးတင်ဝင်းက ပြောသည်။

“ရှမ်းတိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ပိုမိုပြီး သိရှိနားလည် ဖို့ဖြစ်တယ်” ဟု ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဗဟိုမှ ဒု-ဥက္ကဋ္ဌ ဦးစိုင်းခင်မောင်စိန်က ပြောသည်။

ပွဲတော်ရက်အတွင်း စာတမ်းဖတ်ပွဲ၊ ရှမ်းရိုးရာသစ်သီးထွင်းအလှနှင့် ပန်းအလှပြိုင်ပွဲ၊ ဝတ်စားဆင်ယင်မှု ပြပွဲ၊ ရှမ်းရိုးရာ အကနှင့် ကိန္နရီ၊ ကိန္နရာအက၊ တိုးနရားအကပြိုင်ပွဲ ဘောလုံးပြိုင်ပွဲများကို ထည့်သွင်းကျင်းပ နေပြီး တစ်နိုင်ငံလုံးရှိ ရှမ်းမျိုးနွယ်စု ၃၀ ကျော် တက်ရောက်နေကြသည်ဟု ဆိုသည်။

ပထမအကြိမ်ပွဲတော်ကို ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင်၂၀၁၂ ခုနှစ်က ကျင်းပခဲ့ပြီး တောင်ကြီးတွင် ကျင်းပမှုသည် ဒုတိယ အကြိမ်မြောက် ဖြစ်သည်။

No comments: