Monday, November 24, 2014

အလုပ်အကိုင်ရှာနိုင်ရန်နှင့် အလုပ်ရှင်များ အလုပ်ခန့်ထားရေး လွယ်ကူရန် ဝက်ဆိုက်ဒ်လွှင့်တင်

ခင်မြတ်မြတ်ဝေ

အလုပ်သမားများ အလုပ်အကိုင်ရှာဖွေရန်နှင့် လုပ်ငန်းရှင်များ အလုပ်သမားရှာဖွေ ခန့်ထားရေးကို အလွယ်တစ်ကူ လုပ်ဆောင်နိုင်ရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၂ ရက်တွင် Myanmar Job ဟု အမည်ပေးထားသည့် ဝက်ဆိုက်ဒ်တစ်ခုကို လွှင်တင်လိုက်ပြီဖြစ်သည်။

“လူငယ်တွေကြား အလုပ်အကိုင်ရှားပါးမှုနဲ့ လုပ်ငန်းရှင်တွေမှာ အလုပ်လိုအပ်ချက်တွေကို တစ်ခါထဲ ချိတ်ဆက်ပေးနိုင်ဖို့ ဝက်ဆိုက်ဒ်ကို ရည်ရွယ်ပြီးဖွင့်တာပါ” ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောသည်။

အလုပ်လျှောက်ထား လိုသများအနေဖြင့် www.myanmarjob.gov.mm လိပ်စာဖြင့် အလုပ်ခေါ်ထားသည့် လုပ်ငန်းနယ်ပယ်၊ အလုပ် အမျိုးအစားများကို ဝင်ရောက်ရွေးချယ်ခွင့် ရမည်ဖြစ်သည်။ အဆိုပါ ဝက်ဆိုက်ဒ်တွင် မိမိလျှောက် ထားလိုသည့်လုပ်ငန်းကို ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ ပညာအရည်အချင်းနှင့် အသက်ကန့်သတ် ချက်၊ လစာနှုန်းထားနှင့် အလုပ်ချိန်တို့ပါ တစ်ပါတည်း ပါရှိသည်။

လုပ်ငန်းရှင်များအနေဖြင့် ၀က်ဆိုဒ်သို့် ချိတ်ဆက်မည်ဆိုလျှင် နီးစပ်ရာ LEO ရုံးများတွင် မိမိလုပ်ငန်း၏ တရားဝင်မှတ်ပုံတင်ထားသည့် အထောက်အထား၊ လုပ်ငန်းနှင့်ပတ်သက်သည် သက်သေအထောက် အထားတစ်ခုဖြင့်သွားရောက်လျှောက်ထားပြီး လုပ်ငန်းနယ်ပယ်အလိုက် ခန့်ထားလိုသည့် ရာထူးတာဝန်တို့ အတွက် အလုပ်ခေါ်စာများ ပေးပို့နိုင်မည်ဖြစ်သည်။

“လုပ်ငန်းရှင်တွေမေးရင် ကျွန်တော်တို့လိုချင်တယ်။ အလုပ်သမားမရဘူးလို့ ပြောကြတယ်။ အလုပ်သမားဘက် ကတော့ ကျွန်တော်တို့ အလုပ်လက်မဲ့ဖြစ်နေတယ်။ ဒီနှစ်ခုကို ချိတ်ဆက်ပေးမယ့်စနစ် လိုနေတာပေါ့။ ဒီဝက်ဆို က်ဒ်ပေါ်ကို အလုပ်ရှင်တွေရဲ့ အချက်အလက်တွေ၊ အလုပ်သမားတွေရဲ့ ဖောင်တွေလည်း ရောက်လာမယ်ဆိုရင် အကုန်လုံး ချိတ်ဆက်နိုင်မယ်” ဟု Trustlink Co, Ltd မှ မန်နေဂျင်း ဒါရိုက်တာ ဖြစ်သူ ဦးသူရိန်ထွန်းက ပြောသည်။

အလုပ်ရှာဖွေလိုသူများအနေဖြင့် အဆိုပါ ဝက်ဆိုက်ဒ်တွင် မှတ်ပုံတင်၍ မိမိတို့၏ ကိုယ်ရေးမှတ်တမ်းများကို လည်း ပေးပို့နိုင်မည်ဖြစ်သလို ကိုယ်တိုင်စိတ်ဝင်စားသည့် အလုပ်ကို စိစစ်လေ့လာနိုင်မည် ဖြစ်သည်။

No comments: