Thursday, November 20, 2014

ပြည်တွင်းရွှေဈေး ကျပ်တစ်သောင်းကျော်မြင့်တက်

သိမ့်သဉ္စဇင်

ယခုနှစ် အောက်တိုဘာလကုန်မှ ဆက်တိုက်ကျဆင်းလာခဲ့သော ရွှေဈေးနှုန်းသည် နိုဝင်ဘာ ၁၆ ရက်တွင် ပြန်လည်မြင့် တက်ခဲ့ပြီး ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၆၅၁,၅၀၀ အထိ ဈေးပေါက်ခဲ့သည်။

နိုင်ငံတကာရွှေဈေးနှုန်းသည်လည်း တစ်အောင်စလျှင် ကန်ဒေါ်လာ ၁,၁၆၂ မှ ကန်ဒေါ်လာ ၁,၁၉၀ အထိ ဈေးမြင့်တက်ခဲ့ ပြီးနောက် ပြည်တွင်း ရွှေဈေးများမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၄၀,၀၀၀ ခန့် ရှိ နေရာမှ ကျပ် ၆၅၁,၅၀၀ အထိ ရက်ပိုင်းအတွင်း ကျပ် ၁၀,၀၀၀ ကျော် မြင့်တက်သွားသည်။

“ရွှေဈေးက ဒီရက်တွေမှာ အနိမ့်ဈေးနဲ့ သွားနေရာကနေ ရုတ်တရက် ပြန်တက်သွားတော့ ပြည်တွင်း ပြန် ထုတ်ရောင်းတာများလာပြီး ဒိုင်တွေဘက်ကလည်း ဈေးဆက်တက်မယ်မှန်းပြီး ၀ယ်ကြတဲ့သူတွေရှိတော့ ဈေးကွက်မှာ ရောင်းအားတက်နေတယ်” ဟု တိတ်စိန်ရွှေဆိုင်မှ ဆိုင်ရှင် ကိုဇော်အောင် က ပြောသည်။

နိုင်ငံတကာရွှေဈေး အတက်အကျပေါ်၌ မူတည်သည့် ပြည်တွင်းရွှေဈေးမှာ နိုင်ငံတကာ ရွှေဈေးတက်ချိန်တွင် လိုက်ပါဈေးတက် ကာ ဈေးကွက်အတွင်း ရောင်းလိုအား၊ ၀ယ်လိုအား အနည်းအများအခြေအနေပေါ် တွင်လည်း ဈေးနှုန်းအတက်အကျ ဖြစ်ပေါ်လေ့ရှိကြောင်း ၎င်းကပြောသည်။

“ရွှေဈေးက သိသိသာသာကြီး ဈေးတက်သွားတာတော့ မရှိဘူး။ ဈေးကွက်အခြေ အနေက ပြောင်းလဲမှုမရှိ ပေမယ့်ဈေးက ဆက်တက်ဖို့ ရှိတယ်” ဟု အောင်သမာဓိရွှေဆိုင်မှ ဆိုင်ရှင် ကိုဝင်းငယ်က ပြောသည်။

လက်ရှိ ပြည်တွင်း ရွှေဈေးနှုန်းမှာ ၁၆ ပဲရည်လျှင် ကျပ် ၆၅၁,၅၀၀ ဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း တိတ်စိန်ရွှေဆိုင်က ပြောသည်။

No comments: