Thursday, November 27, 2014

ကိုယ်စားပြုမှု စုံလင်ရေးမူ သမ္မတ ဆက်ကိုင်ထား

မင်းဟိန်းထက်၊ မင်းမင်း

ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပုံပြင်ရေး ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်ထားချိန်တွင် သမ္မတ ဦးသိန်းစိန်ကမူ နိုင်ငံရေးအင်အားစု အားလုံးပါဝင်သည့် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန် ဆက်လက်ကြိုးပမ်းမည်ဟု သမ္မတကထပ်မံထုတ်ဖော်ပြောဆိုသည်။

“နောက်လာမယ့် ဆွေးနွေးပွဲတွေမှာ အားလုံးပါဝင်နိုင်ဖို့အတွက် ကြိုးပမ်းပြီးတော့ ဆောင်ရွက်သွားမယ် ဆိုတာကို ကတိပြုပြီးတော့ ပြောကြား လိုပါတယ်” ဟု နိုဝင်ဘာ ၂၆ ရက် ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရုံး၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ၎င်းက ပြောခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်က ၆ ပွင့်ဆိုင် တွေ့ဆုံရေးကို နိုဝင်ဘာ ၂၅ ရက်တွင် ဆုံးဖြတ်ထားခြင်းဖြစ်ပြီး သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား တစ်ဦး ပါဝင်မည်ဟု ဆိုထားသည်။

ထိုသို့ ဆုံးဖြတ်အပြီး တစ်ရက်အကြာ သမ္မတနှင့်တွေ့ဆုံစဉ် တိုင်းရင်းသားပါတီအချို့က ကိုယ်စားပြုမှု စုံလင်ရန် လိုလားသည်ဟုဆွေးနွေးကြပြီးနောက် သမ္မတကလည်း ယင်းသို့ မှတ်ချက်ပြုခြင်း ဖြစ်သည်။ သို့သော် ၆ ပွင့်ဆိုင် တွေ့ဆုံရေးကိုမူ မည်သို့မျှ ထည့်သွင်းပြောဆိုခြင်း မရှိပေ။

“တိုင်းရင်းသား ၈မျိုးမှာ ငါးဦးလောက်တော့ ပါသင့်တယ်ထင်တယ်၊ တိုင်းရင်းသားတွေထဲမှာလည်း အများလေးစားတဲ့ သူတွေရှိနေတာပဲ၊ အဲလိုမဟုတ်ဘဲ ပယ်ထားရင်တော့ တိုင်းရင်းသားတွေ စိတ်ထဲမှာ သိမ်ငယ်စိတ်ဝင်လာမယ် အားငယ်စိတ်ဝင်လာမယ် မကျေနပ် မှုတွေပေါ်လာမယ် ဒါကောင်းတဲ့ အရာမဟုတ်ပါဘူး” ဟု ချင်းတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးနိုထန်ကပ်က သမ္မတကို ဆွေးနွေးသည်။

သို့သော် လေးပွင့်ဆိုင်တွေ့ဆုံရေး တောင်းဆိုထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတို့ ကမူ အားလုံး ပါဝင်ရေး လိုအပ်သည်မှာ မှန်သော်လည်း ဆွေးနွေးပွဲအတွင်း ဆုံးဖြတ်ချက်ချရာတွင် မြန်ဆန်ထိရောက်ရန် လူနည်းက ကောင်းသည်ဟု မဇ္ဈိမကို မှတ်ချက်ပြုသည်။

“တိုင်းရင်းသား ၁၃၅ မျိုးရှိတာမှ ငါးဦးလောက်ထပ်ထည့်ရင် ကျန်တဲ့ တိုင်းရင်းသား ၁၃၀ က ကျေနပ်မှာ မဟုတ်ပါဘူး။ အဲဒီတော့ လက်ရှိစဉ်းစားထားတဲ့အတိုင်း ကျန်တဲ့ ငါးပွင့်က တိုင်းရင်းသားတွေ ကိုယ်စားပြုမယ့်သူ တစ်ဦးကို ရွေးချယ်ပေးတာ အကောင်းဆုံးပဲ လူနည်းရင် ဆုံးဖြတ်ချက်ချရမှာ ပိုမြန်မှာပါ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်ကပြောသည်။

ပြည်ထောင်စုလွှတ်တော်က မတိုက်တွန်းမီ အောက်တိုဘာ ၃၁ ရက်တွင် သမ္မတက လွှတ်တော်ဥက္ကဋ္ဌများ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ခေါင်းဆောင် များကို ခေါ်ယူ တွေ့ဆုံခဲ့သေးသည်။

လွှတ်တော်ဆုံးဖြတ်ထားသည့် ၆ပွင့်ဆိုင်တွေ့ဆုံရေးမူကို လက်ခံမခံ သမ္မတက မှတ်ချက်မပြုသကဲ့သို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် တိုင်းရင်းသားပါတီများ အကြား၌လည်း ကိုယ်စားလှယ်တစ်ဦး မရွေးချယ်နိုင်သေးပေ။

“သာမာန်အားဖြင့် စဉ်းစားရင်တော့ အငြင်းပွားစရာဖြစ်ပါတယ်။ ကျွန်တော်မြင်တာကတော့ တိုင်းရင်းသားအရေး ကိစ္စကို တစ်ကယ် ကျကျနန ကိုယ်စားပြုပြီးတော့ ပြောဆိုနိုင်တဲ့သူကို ရွေးနိုင်ရင်တော့ ကောင်းပါတယ်” ဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ် က ပြောသည်။

ထို့အတူ မွန်အမျိုးသားပါတီ ဥက္ကဋ္ဌ အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးနိုင်ငွေသိမ်းကလည်း တိုင်းရင်းသားများအကြား အငြင်းပွားဖွယ် ရာ ဖြစ်လာနိုင်သည်ဟု မှတ်ချက်ပြုသည်။

No comments: