Thursday, November 27, 2014

ဈေးချိုနာရီစင်ရှိ နာရီကိုအသစ် လဲလှယ်တပ်ဆင် မည်ဟုဆို

ဖြိုး

မန္တလေး ဈေးချိုနာရီစင်ရှိ နာရီအသစ် လဲလှယ်တပ်ဆင်ခြင်းကို ဒီဇင်ဘာလအပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှဌာနစုမှူး ဦးအုန်းကျော်က မဇ္ဈိမကို ပြောသည်။

“လဲလှယ်ဖို့ ပစ္စည်းတွေကလည်း အဆင့်သင့်ပါပဲ။ နောက်လထဲအပြီး တပ်ဆင်ဖို့ စာချုပ်မှာ သတ်မှတ်ထား ပါတယ်” ဟု ၎င်းက ပြောသည်။

မန္တလေးမြို့၏ အထင်ကရ နေရာတစ် ခုဖြစ်သော ၈၄ လမ်းနှင့် ၂၆ လမ်းရှိ ဈေးချို နာရီစင်မှ နာရီများသည် ဟောင်းနွမ်းယိုယွင်းလာ သဖြင့် ခေတ်နှင့် ကိုက်ညီသော နာရီအသစ်များ လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်က စတင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တပ်ဆင်ခြင်းလုပ်ငန်းကို ဦးရဲဝင်း (Processor) အဖွဲ့က တာဝန်ယူ လုပ်ကိုင်လျက်ရှိပြီး မန္တလေး မြို့ တော်စည်ပင် သာယာရေး ကော်မတီ၏ ဘတ်ဂျက်ဖြင့် ငွေကျပ်သိန်း ၁၃၀ ခန့် ကုန်ကျမည်ဖြစ်ကာ နာရီလဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းကို သုံးနှစ်အာမခံဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

“ဒီလိုနာရီမျိုး ပြန်လဲတပ်မယ်ဆိုရင် ဂျပန်နိုင်ငံက အထူးအော်ဒါမှာရမယ်။ အဲဒါကို ဒီကနာရီဆိုင်က တစ်ဆင့် မေးကြည့်တော့ အနည်းဆုံး အလုံးရေ ၁၀၀ မှာ ရမယ်။ အဲတော့ အချိန်ရော၊ ငွေရော ကွာဟသွား နိုင်ပါတယ်။ အခုအဖွဲ့ကတော့ ပြည်တွင်း ပြည်ပ နည်းပညာကို အသုံးပြုပြီး တီထွင်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ လဲလှယ်တပ်ဆင်မည့် နာရီသည် အချင်းသုံးပေခန့်ရှိပြီး လေးဘက်စလုံးရှိ နာရီအားလုံးကို လဲလှယ်မည်ဖြစ်ပြီး တစ်နာရီတစ်ကြိမ်ကျ အသံစနစ်ပါဝင်ခြင်း၊ လျှပ်စစ်မော်တာ တစ်လုံးတည်းသာ တပ်ဆင်ထားသောကြောင့် အချိန်မကိုက်ခြင်း၊ နာရီလက်တံလွှဲခြင်းတို့ မရှိဘဲ ဘက်ထရီ ဆယ်နှစ်နီးပါးခန့် တာရှည်ခံကြောင်း သိရသည်။

No comments: