Thursday, November 27, 2014

ပြည်သူ့မျက်နှာကြည့်၍ နှစ်ဖက်တင်းမာမှုလျှော့ရန် မန္တလေးတွင် သံဃာထုနှင့် လူထု ၅၀၀ ခန့် ဆန္ဒပြတောင်းဆို

အောင်ကိုဦး

ထာဝရ ငြိမ်းချမ်းရေးရရန် ပြည်သူ့မျက်နှာကြည့်ပြီး နှစ်ဖက်အပစ်အခတ် ချက်ချင်းရပ်ပြီး တင်းမာမှု လျှော့ချရန် ဦးဝီရသူ ဦးဆောင်၍ သံဃာထုနှင့် လူထု ၅၀၀ ခန့်က မန္တလေးမြို့တွင် နိုဝင်ဘာ ၂၆ ရက်က ဆန္ဒပြတောင်းဆိုလိုက်သည်။

မန္တလေး အခြေစိုက်နိုင်ငံရေး ပါတီများ၊ အမျိုးသားရေး အဖွဲ့များပူးပေါင်းကာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆန္ဒဖော်ထုတ်ပွဲကို ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းက မန္တလေးမြို့ ၃၆ X ၆၂ လမ်းမှ ၆၂ လမ်းပေါ်ရှိ လူထုဟစ်တိုင်ကွင်းသို့ ချီတက်ဆန္ဒ ထုတ်ဖော်ကြစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

"နှစ်ဖက် အပစ်အခတ် ချက်ခြင်းရပ်ပါ။ စစ်ပွဲဆိုတာ တစ်ဖက်တည်း ပစ်ခတ်လို့ ဖြစ်တာမဟုတ်ဘူး။ နှစ်ဖက်လုံး ပစ်ကြလို့ဖြစ်တာပါ။ တစ်ဖက်ပစ်ရင် တစ်ဖက်က ပြန်ပစ်မယ်။ တစ်ဖက်တည်း အပစ်ခတ်ရပ်လို့ မရဘူး။" ဟု ဦးဝီရသူက မိန့်ကြားသည်။

ဆန္ဒဖေါ်ထုတ်မှုအား မန္တလေးမြို့၊ ၃၆ လမ်း ၆၂ လမ်းမှ လူထုဟစ်တိုင်ကွင်းသို့ ချီတက်၍ လူထုဟစ်တိုင် အရောက်တွင် ဒီမိုကရက်တစ်မြန်မာပါတီ၊ မြန်မာ့အမျိုးသားရေးကွန်ယက်၊ ပြည်သူ့ဒီမိုကရေစီပါတီနှင့် ဖက်ဒရယ်ပြည်ထောင်စုပါတီ တို့မှ ငြိမ်းချမ်းရေး သဝဏ်လွှာများ ဖတ်ကြားခဲ့ကြသည်။ ဆရာတော် ဝီရသူ၊ ဝံသာနု ဒီမိုကရက်တစ်ပါတီမှ အထွေထွေအတွင်းရေးမှူး ဒေါ်နန်းရွှေကြာနှင့် ကိုမိုးထက်နေ စသည့် သူများမှ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဟောပြောခဲ့သည်။

နိုဝင်ဘာ ၁၉ ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ၏ ဗိုလ်သင်ကျောင်းအား အစိုးရတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့သည်။

တပ်မတော်ဘက်ကလည်း နိုဝင်ဘာ ၁၆ ရက်က ကချင်ပြည်နယ် မံစီမြို့နယ်၊ ပလောင်ဒိန်ဆာရွာအနီး တပ်မတော်စစ်ကြောင်း ချီတက်စဉ် ကေအိုင်အေအဖွဲ့မှ တိုက်ခိုက်ခဲ့၍ စစ်သည် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၁၇ရက်ကလည်း မဂျီဂွမ်ကျေးရွာ တွင်လည်း ကေအိုင်အေအဖွဲ့၏ လက်နက်ကြီးငယ်ဖြင့် ပစ်ခတ်၍ တစ်ဦး ထပ်မံဒဏ်ရာရခဲ့သည်ဟု နိုဝင်ဘာ ၂၁ရက်တွင် တပ်မတော်က ထုတ်ပြန်ထားသည်။

ယင်းဖြစ်စဉ်အပြီးတွင် ကေအိုင်အေနှင့် အစိုးရတပ်တို့ကြား နှစ်ဖက် စစ်ရေး တင်းမာလျက်ရှိသည်ဟု ကေအိုင်အို၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က မဇ္ဈိမကို ပြောထားသည်။ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းရှိ ဒုက္ခသည်ကျေးရွာနှစ်ရွာကို ပြောင်းရွှေ့ခိုင်းထားရသည်။

လိုင်ဇာကို တပ်မတော်က ပစ်ခတ်မှုကြောင့် ဒီဇင်ဘာ လဆန်းပိုင်းတွင် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးမည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်ဆဲရေး စာချုပ်ညှိနှိုင်း ဆွေးနွေးပွဲကိုလည်း ရက်ရွှေ့ဆိုင်းမည်ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

No comments: