နန်းမြင့်
ရန်ကုန်မြို့တော် စည်ပင်၏ ရေပုပ်စုပ် (မိလ္လာစုပ်)လုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီ နှစ်ခုသို့ လုပ်ကိုင်ခွင့်ပေး ရန် လျှောက်ထားမှု လက်ခံထားပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စက်ရုံနှင့် မော်တော်ယာဉ်ဌာနမှ လက်ထောက်ဌာနမှူး ဦးသန်းဌေးက မဇ္ဈိမကို အောက်တိုဘာ ၃၁ ရက်က ပြောသည်။
အဆိုပါ လုပ်ငန်းလုပ်ကိုင်ရန် ပြည်တွင်းမှ ထူးထက်အောင် ကုမ္ပဏီနှင့် သြစတြေးလျအခြေစိုက် TYTC Services ကုမ္ပဏီတို့က လာရောက်လျှောက်ထားခဲ့ရာ ယင်းကုမ္ပဏီနှစ်ခုကို လုပ်ကိုင်ခွင့်ပေးရန် စီစဉ် လျက်ရှိပြီး ၂၀၁၅ ခုနှစ်အတွင်း လုပ်ကိုင်ခွင့် ပြုသွားမည်ဖြစ်သည်ဟု ဆိုသည်။
ဦးသန်းဌေးက “မှန်းထားတာက ကုမ္ပဏီနှစ်ခုစလုံးကို ပေးမယ်။ တိုင်းဒေသကြီး အစိုးရကို မတင်ပြရသေး တဲ့အတွက် အောင်မယ်၊ မအောင်ဘူးကို အတည်ပြုလို့ မရသေးပါဘူး”ဟု ပြောသည်။
အဆိုပါလုပ်ငန်းကို လုပ်ကိုင်ခွင့်ရမည့် ပုဂ္ဂလိက ကုမ္ပဏီများသည် တစ်နှစ်လျှင် လိုင်စင်ကြေး ကျပ်သိန်း ၁၀၀ ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ပေးသွင်းရမည်ဖြစ်သည်။
လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများမှာလည်း ရေဆိုးသယ်ယူရေး ယာဉ်သစ်များ အသုံးပြုရမည်ဖြစ်ပြီး ပတ် ၀န်းကျင် အမြင်တင့်တယ်စေရန်နှင့် အနံ့အသက်ကြောင့် ပတ်ဝန်းကျင်မထိခိုက်စေရန် စီစဉ်ဆောင်ရွက် ရမည်ဖြစ်သည်။ ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်သောကြောင့် ရေဆိုးစုပ်ယူခ နှုန်းထားမှာ မူလဈေး ထက် မြင့်တက်သွား နိုင်သည်ဟုလည်း ဦးသန်းဌေးက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)လွှတ်တော် ကိုယ်စားလှယ် ဦးကျော် က “၀န်ဆောင်မှု လုပ်ငန်းတွေ ပုဂ္ဂလိကလွှဲတာကတော့ တိုးတက်မှုအတွက် ရည်စူးတယ်ဆိုရင်တော့ ကောင်းတာပေါ့။ တချို့ကိစ္စတွေမှာ ပုဂ်္ဂိုလ်ရေး အကျိုးစီပွားဘက် ရောက်သွား ရင်တော့ တိုင်းပြည်နစ်နာ မှာပေါ့။ ပုဂ္ဂလိကတွေက ဘယ်လောက်အထိ ၀န်ဆောင်မှု လုပ်ငန်းလုပ်မလဲ။ သူတို့လုပ်မယ်ဆိုရင် ၀န် ဆောင်ခတွေ တိုးမြှင့်ကောက်တော့မယ်။ ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့မယ့် အလားအလာတွေ ဖြစ်နိုင် တယ်”ဟု ပြောသည်။
လက်ရှိ ရန်ကုန်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ရေပုပ်စုပ်လုပ်ငန်း ဆောင်ရွက်ရာတွင် မြို့တွင်း ခြောက်မြို့နယ်မှအပ ကျန်သည့် ၂၇ မြို့နယ်ကိုသာ ရေပုပ်စုပ်လုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်ပြီး ကော်မတီက သတ်မှတ်ထားသည့် ဗိုလ်တထောင်မြို့နယ်ရှိ မိလ္လာစွန့်ပစ်စက်ရုံနှင့် သန်လျက်စွန်းရှိ ရေဆိုး စွန့်ပစ်သောနေရာ၌သာ စွန့်ပစ်ရမည်ဖြစ်သည်။ စည်ပင်မှ မိလ္လာနှင့် ရေပုပ်စုပ်ခြင်းလုပ်ငန်းများကို ယာဉ် သုံးဆီဖိုးသာ ပေးချေခြင်းဖြင့် ၀န်ဆောင်မှုပေးလျက်ရှိသည်။
ဒေါပုံမြို့နယ် ရေပုပ်စုပ်ဌာနမှ ယာဉ်များကို ပုဂ္ဂလိက ကုမ္ပဏီများကို တန်းဖိုးသင့် ပြန်လည်ရောင်းချသွား မည်ဖြစ်ပြီး စည်ပင်မှ လက်ရှိဝန်ထမ်းများကို အနည်းဆုံး သုံးလ ပူးတွဲဆောင်ရွက်ခွင့်ပြုသွားမည် ဖြစ် သည်။
အဆိုပါ ရေပုပ်စုပ်လုပ်ငန်း ပုဂ္ဂလိက ကုမ္ပဏီများ လုပ်ကိုင်နိုင်ရန် ပြည်တွင်း ကုမ္ပဏီနှင့် ပြည်တွင်းပြည်ပ ပူးပေါင်း ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ပြီး တင်ဒါလျှောက်လွှာကို ဇူလိုင် ၁ ရက်မှ ၁၅ ရက်အထိ လက်ခံခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment