Thursday, November 20, 2014

ပင်လယ်ထဲမျောပါနေသော မြန်မာအလံထောင် ငါးဖမ်းလှေတစ်စီးပေါ်မှ လူပေါင်း ၆၀၀ ကို ဘင်္ဂလာဒေခ်ျ့ရေတပ်က ကယ်တင်

နိရဉ္စရာ

ပင်လယ်ထဲမျောပါနေသော မြန်မာအလံကို ထောင်ထားသော ငါးဖမ်းလှေတစ်စီးပေါ်မှ လူပေါင်း ၆၀၀ ကို ဘင်္ဂလာဒေခ်ျ့ ရေတပ်က ကယ်တင်ခဲ့ရသည်ဟု ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့မှ သတင်းစာအများအပြားတွင် ဖေါ်ပြသည်။

သူတို့မှာ လူမှောင်ခို ပွဲစားများ၏ ဆွဲဆောင်မူဖြင့် မလေးရှားသို့ အလုပ် လုပ်ရန် ယင်းငါးဖမ်းစက်လှေဖြင့် သွားကြသူများ ဖြစ်နိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့ ရေတပ်မှ တာဝန်ရှိသူများက ပြောသည်။

ကယ်တင်ခဲ့ရသူများထဲတွင် အမျိုးသမီးနှင့် ကလေးငယ် ၂၀ ခန့်ပါဝင်ပြီး သူတို့မှာ ဘင်္ဂလာဒေခ်ျ့ နှင့် မြန်မာနိုင်ငံသားများဖြစ်ကြောင်း သတင်းစာများက ဘင်္ဂလာဒေခ်ျ့ အရာရှိများကို ကိုးကား ဖေါ်ပြသည်။

လတ်တလောတွင် ကယ်တင်ခံရသူ လူပေါင်း ၆၂၃ ဦးထဲမှာ မည်သူမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား၊ မည်သူမှာ မြန်မာနိုင်ငံသား ဖြစ်ကြောင်းကိုမူ တိတိကျကျ မခွဲခြားနိုင်သေးဟု အာဏာပိုင်များက ပြောဆိုသည်။

ယင်းစက်လှေပေါ်တွင် မြန်မာအလံအားထောင်ထားပြီး သူတို့အား ဘင်္ဂလာဒေခ်ျ့ ရေပြင်ပိုင်နက် စိန်မာတင်(အုန်းကျွန်း) အရှေ့တောင်ဘက် မိုင် ၅၀ အကွာတွင် သတင်းအရ လိုက်ပါသွားစဉ် နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ တွင် ကယ်တင်နိုင်ခဲ့သည်ဟု ဆိုသည်။

လူမှောင်ခိုသမားဟု ယူဆရသူ ၁၄ ဦးကိုလည်း ဘင်္ဂလာဒေခ်ျ့ ရေတပ် အာဏာပိုင်များက ထိန်းသိမ်း လိုက်သည်ဟု သိရသည်။

ကယ်တင်ခံရသူ လူပေါင်း ၆၀၀ ကျော်အား ဘင်္ဂလာဒေခ်ျ့ ရေတပ်မှ တက်ကနက် ရဲစခန်းသို့ လွှဲပြောင်းလိုက်ပြီဟု သတင်းများတွင် ဖေါ်ပြသည်။

အလားတူ လူပေါင်း ၃၁၃ ဦးကိုလည်း ဇွန်လအတွင်းက ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပင်လယ်ထဲက ကယ်တင်ခဲ့ရသည်ဟု သိရသည်။

No comments: