ဆန်းနယုန်
မြန်မာနိုင်ငံ၌ အာဆီယံဒေသတွင်း နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်းထောင်ချီ မြင့်တက်လာသည်ဟုနိုဝင်ဘာ ဒုတိယပတ်အတွင်း ထုတ်ပြန်သော အာဆီယံ ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ အာဆီယံနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုသည် ကန်ဒေါ်လာ ၁,၁၈၆ ဒသမ ၈ သန်းရှိခဲ့ပြီး ၂၀၁၂ ခုနှစ်က ၁၅၁ ဒသမ ၂ သန်း၊ ၂၀၁၁ ခုနှစ်က ၈၄ ဒသမ ၆ သန်း၊ ၂၀၁၀ ပြည့်နှစ် က ၂၅ ဒသမ ၅ သန်းသာရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်မှစတင်ကာ ဒေသတွင်းရင်းနှီးမြှုပ်နှံမှု သန်းထောင်ချီ တိုးတက်လာခြင်း ဖြစ်သည်။
ယင်းအစီရင်ခံစာအရ ၂၀၁၃ ခုနှစ် အတွင်း မြန်မာနိုင်ငံသို့ ၀င်ရောက်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအနက် ၄၅ ဒသမ ၃ ရာခိုင်နှုန်းသည် အာဆီယံနိုင်ငံများက မြှုပ်နှံခြင်းဖြစ်ပြီး တရုတ်က ကန်ဒေါ်လာ ၇၉၂ ဒသမ ၆ သန်း၊ အီးယူက ၂၉၆ ဒသမ ၂ သန်း၊ ဟောင်ကောင်က ၂၇၂ သန်း၊ ဂျပန် က ၃၆ သန်း၊ တောင် ကိုရီးယားက ၂၉ ဒသမ ၈ သန်း၊ အိန္ဒိယက ၇ ဒသမ ၃ သန်း နှင့် အခြားနိုင်ငံများမှ ၀ ဒသမ ၂ သန်း ၀င် ရောက်မြှုပ်နှံခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ အာဆီယံနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁၉,၈၃၄ ဒသမ ၆၇၈ သန်းရှိပြီး စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၄၀ ရာခိုင်နှုန်းရှိသည်။
၂၀၁၃-၁၄ ဘဏ္ဍာနှစ်ကုန်အထိ မြန်မာနိုင်ငံ၌ အာဆီယံနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၁၇,၃၇၈ ဒသမ ၅၃၅ သန်း ရှိရာမှ ခုနစ်လအတွင်း ၂,၄၅၆ ဒသမ ၁၄၃ သန်း ထပ်မံမြှုပ်နှံခဲ့သည်။ ယခုဘဏ္ဍာနှစ်တွင် အာဆီယံနိုင်ငံများ၏ မြှုပ်နှံမှုအနက် စင်ကာပူက အများဆုံးဖြစ်ပြီး ကန်ဒေါ်လာ ၂,၃၀၃ သန်းကျော် ရှိလာခဲ့သည်။
မြန်မာနိုင်ငံ၌ အာဆီယံနိုင်ငံများအလိုက် ဝင်ရောက်မြှုပ်နှံထားသော ပမာဏများမှာ ထိုင်းမှ ကန်ဒေါ်လာ ၁၀,၂၁၂ ဒသမ ၇၆၄ သန်း၊ စင်ကာပူမှ ၇,၀၂၃ ဒသမ ၇၈၅ သန်း၊ မလေးရှားမှ ၁,၆၅၄ ဒသမ ၁၁၇ သန်း၊ ဗီယက်နမ်မှ ၅၁၃ သန်း၊ အင်ဒိုနီးရှားမှ ၂၄၁ ဒသမ ၄၉၇ သန်း၊ ဖိလစ်ပိုင်မှ ၁၄၇ ဒသမ ၁၇၃ သန်း၊ ဘရူနိုင်းမှ ၄၁ ဒသမ ၂၉၁ သန်း၊ လာအိုမှ ၀ ဒသမ ၈၈၃ သန်း တို့ဖြစ်သည်။
၂၀၁၄ ခုနှစ် အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြား ၃၇ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ၈၁၂ ခု ၀င်ရောက်ခဲ့ပြီး ကန်ဒေါ်လာ ၅၀,၂၂၁ ဒသမ ၂၆၅ သန်း မြှုပ်နှံထားခြင်း ဖြစ်သည်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၅,၀၀၀ ဝင်ရောက်မည်ဟု မျှော်မှန်းထားရာ ခုနစ်လ အတွင်း ၃,၉၉၅ ဒသမ ၆၉၅ သန်း ဝင်ရောက်ခဲ့ပြီးဖြစ်သည်။
No comments:
Post a Comment