မျိုးသန့်
မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးဝင်းအတွင်း၌ ဆယ်ထပ် အဆောက်အအုံတိုးချဲ့ ဆေးကုသဆောင်သစ်ကို တည်ဆောက်နေရာ ၎င်းအဆောက်အအုံကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီတွင် ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ်ကြောင်း အဆိုပါ ဆေးရုံဆေးနှင့် လူမှုဆက်ဆံရေးအရာရှိ ဦးမင်းလွင်က မဇ္ဈိမကို ပြောသည်။
“ဆေးရုံသစ်ကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီမှာ ဖွင့်လှစ်ဖို့စီစဉ်ထားတယ်။ အခုက ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ပါတယ်။ ဓာတ်လှေကား တစ်စင်းပဲတပ်ဖို့ ကျန်ပါတော့တယ်” ဟု ၎င်းက ပြောသည်။
မန္တလေးမြို့တွင် ဖွင့်လှစ်မည် ဖြစ်သောကြောင့် ဆေးရုံသစ်နာမည်ကို “မန်းတောင် ရိပ်ခို” နာမည်ဖြင့် ဖွင့်လှစ်သွားရန် စီစဉ်နေသည်ဟု ဆိုသည်။
အဆိုပါဆေးရုံသစ် တည်ဆောက်မှုကို မန္တလေးတိုင်း အစိုးရအဖွဲ့ ဦးဆောင်မှုနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ ထည့်ဝင်ငွေဖြင့် စုစုပေါင်းကျပ် သိန်းပေါင်း သုံးသောင်းခန့်ကုန်ကျခံကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဆေးရုံသစ်မှာ စက်ကိရိယာတွေကို ကျန်းမာရေးဝန်ကြီးဌာနက တပ်ဆင်ပေးပြီးတော့ ကျန်တာတွေအတွက် ပြည်သူပြည်သားတွေရဲ့ ထည့်ဝင်လှူဒါန်းငွေနဲ့ တည်ဆောက်ခဲ့တာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
အဆိုပါဆေးရုံသစ် တည်ဆောက်ပြီးစီးပါက လူနာငါးရာဦးကို ကုသမှုပေးနိုင်တော့မည် ဖြစ်သည်ဟု ဆိုသည်။ မန္တလေး ပြည်သူ့ဆေးရုံကြီးကိုလည်း ခုတင် ၁,၀၀၀ ဆံ့ဆေးရုံမှ ခုတင် ၁,၅၀၀ ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာသို့ တင်ပြသွားမည်ဟု ဆိုသည်။
No comments:
Post a Comment