ကျော်စိုးမိုး
လှိုင်သာယာမြို့နယ်အတွင်း အုပ်စုဖွဲ့ပြီး လက်နက်ကိုင်ဆောင်ကာ လုယက်မှု၊ ခြောက်လှန့် ငွေတောင်းခံမှုများ ကျူးလွန်နေသည့် အဖွဲ့တစ်ဖွဲ့ကို နိုဝင်ဘာ ၁၆ ရက်က ဖမ်းမိခဲ့ပြီး အခြားပူးပေါင်းပါဝင်သူများ ရှိ၊ မရှိနှင့် နိုဝင်ဘာ ၁၄ ရက်က မရမ်းကုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ပြီး ဓားနှင့်ဝိုင်းခုတ်သည့် ဖြစ်စဉ်နှင့် ပါဝင်ပတ်သက်ခြင်း ရှိ၊ မရှိကို စုံစမ်းစစ်ဆေးလျက် ရှိသည်ဟု ရန်ကုန်အရှေ့ပိုင်းခရိုင် ဒုတိယ ရဲမှူးကြီး မြင့်ထွေးက ပြောသည်။
လက်ရှိဖမ်းမိခဲ့သည့်သူများမှာ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းရပ်ကွက်တွင် နေထိုင်သည့် မျိုးလွင်အောင် (ခ)နှင်းဆီ အပါအ၀င် ရှစ်ဦးဖြစ်ပြီး ၎င်းသည် ယခင်ကလည်း ပြစ်ချက်ဟောင်းရှိသူ တစ်ဦးဖြစ်ကာ အဆိုပါ အဖွဲ့ကို ဓားအရွယ်အစားမျိုးစုံ ၃၇ ချောင်း၊ ကားတစ်စီး၊ လိုင်စင်မဲ့ဆိုင်ကယ် လေးစီး၊ ဆေးခြောက်(၂ဒသမ ၈၅) ဂရမ် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဖမ်းမိသည့် အဖွဲ့မှာ လှိုင်သာယာ မြို့နယ်အတွင်း အုပ်စုဖွဲ့ပြီး လုယက်ခြိမ်းခြောက် မိုက်ကြေးခွဲခြင်း၊ ငွေတောင်းခံခြင်း၊ အခကြေးငွေရယူပြီး အကြွေးတောင်းပေးခြင်း၊ စာချုပ်အတုများပြုလုပ်ပြီး အိမ်ရောင်းချ ခြင်း၊ မူးယစ်ဆေးဝါး ရောင်းချခြင်း စသည့်ပြစ်မှုများ ကျူးလွန်ခဲ့သည်ကို စစ်ဆေးသိရှိခဲ့ရသည်ဟု ဒုတိယ ရဲမှူးကြီးမြင့်ထွေးက ပြောသည်။
“တိုင်း၊ ခရိုင်၊ မြို့နယ်က အဖွဲ့တွေ ပူးပေါင်းပြီး သွားရောက် ဖမ်းဆီးခဲ့ပါတယ်။ သူတို့ဘက်ကလည်း လက်နက်တွေသုံးပြီး ပြန်ခုခံခဲ့ပါတယ်။ တပ်ဖွဲ့ဝင်တွေ ဒဏ်ရာတော့ မရပါဘူး” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်၊ နံနက် ၁၂ နာရီခွဲဝန်းကျင်က မရမ်းကုန်းမြို့နယ်၊ (၂) ရပ်ကွက်၊ သခင်ကိုယ် တော်မှိုင်းလမ်းထိပ်တွင် အဆိုပါ ရပ်ကွက်လမ်းအတွင်း အိမ်ငှားရမ်းနေထိုင်သည့် အသက် ၂၆ နှစ် အရွယ် နိုင်မင်းသူ အပါအ၀င် အမည်မသိလူ ခုနစ်ဦးခန့်သည် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက နိုင်မင်းသူ ဆိုင်ကယ်ပျောက်သည့် ကိစ္စကို မကျေနပ်သဖြင့် ဆယ်အိမ်မှူး ဦးမောင်မြင့်ကို ဆဲဆိုခြင်း၊ ဓားနှင့်ခုတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။
ထိုသို့ဖြစ်ပွားနေစဉ် လာရောက်ဖြေရှင်းပေးသည့် ဘုရင့်နောင်နယ်မြေရဲစခန်းမှ ရဲတပ်ကြပ် နှစ်ဦးတို့ကို ဓားရှည်နှင့် ခုတ်ခြင်း၊ ထိုးခြင်းများလည်း ပြုလုပ်ခဲ့သဖြင့် ရဲတပ်ကြပ် နှစ်ဦးတွင် ဒဏ်ရာများရရှိပြီး မြောက် ဥက္ကလာပဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူခဲ့ရသည်။
အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ နိုင်မင်းသူ အပါအဝင် ရှစ်ဦးကို ဘုရင့်နောင်နယ် မြေရဲစခန်းက (ပ)၅၂၀/ ၁၄၊ ပြစ်မှုပုဒ်မ ၃၂၆/၂၉၄/၅၀၆/၁၁၄၊ (ပ) ၅၂၁/၁၄၊ ပြစ်မှုပုဒ်မ ၃၃၃/၃၃၂ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိသည်။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးသိန်းလွင်က “မရမ်းကုန်းဖြစ်စဉ်က နိုင်မင်းသူတို့အဖွဲ့ကို ဖမ်းမမိသေးပါဘူး။ လိုက်လံစုံစမ်းနေတုန်းပါပဲ။ အခုလှိုင်သာယာမှာ ဖမ်းမိထားတဲ့ အဖွဲ့နဲ့ဆက်စပ်မှု ရှိ၊ မရှိကိုလည်း စစ်ဆေး နေပါတယ်” ဟုပြောသည်။
မရမ်းကုန်းမြို့နယ်၊ (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က“ နိုင်မင်းသူရဲ့ အမေက ဒီရပ်ကွက်ထဲမှာ အိမ်ငှားနေတာပါ၊ ဘယ်ကမှန်းလဲ မသိပါဘူး။ အခင်းဖြစ်ပြီး သားအမိနှစ်ယောက်စလုံး ပျောက်သွားပါတယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင် လှိုင်သာယာမြို့နယ်အတွင်းမှ ဖမ်းဆီးရမိခဲ့သည့်အဖွဲ့ကို လှိုင်သာယာမြို့မ ရဲစခန်းက လက်နက် ဥပဒေ ပုဒ်မ၊ မူးယစ် ဥပဒေ ပုဒ်မ၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ စသည်ဖြင့် အမှုခြောက်ခုဖြင့် အမှုဖွင့်အရေးယူထားပြီး အခြားပူးပေါင်း ပါဝင်သူများနှင့် မရမ်းကုန်းမြို့နယ်မှ ဖြစ်စဉ်နှင့်ဆက်စပ်မှု ရှိ၊ မရှိကို စစ်ဆေးဆောင်ရွက်လျက် ရှိသည်။
No comments:
Post a Comment