Monday, November 17, 2014

ကျောင်းသား သမဂ္ဂများက အမျိုးသားနေ့ အခမ်းအနားလုပ်မည်

Mizzima

အမျိုးသား ဥပဒေကို ကန့်ကွက်လှုပ်ရှားမှု ပြုနေသည့် ကျောင်းသားများက နိုဝင်ဘာ ၁၆ ရက်တွင် ကျရောက်မည့် ကျောင်းသားသပိတ် နှစ်ပတ်လည်နေ့ အမျိုးသားနေ့၌ နံနက် ၁၀နာရီတွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကြေးသွန်း ဘုရားတွင် အခမ်းအနားတစ်ရပ် ပြုလုပ်မည်ဟု စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုဇေယျာလွင်က ပြောသည်။

"ကျွန်တော်တို့ သပိတ်သည် မနက်ဖြန် အမျိုးသားနေ့ဆိုတဲ့ နေ့ထူးနေ့မြတ်တစ်ရက်ကို ကျွန်တော်တို့ ဘယ်လို ဖြတ်သန်းမလဲဆိုတာ အားလုံးစောင့်ကြည့်ပြီးတော့ ပူးပေါင်းပါဝင်စေချင်ပါတယ်"ဟု ၎င်းက ပြောသည်။

ကျောင်းသား သမဂ္ဂအဖွဲ့များက ပူးပေါင်းကာ နိုဝင်ဘာလ ၁၄ရက်နှင့် ၁၅ရက်တွင် အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်သည့် အနေဖြင့် လမ်းလျောက်ဆန္ဒထုတ်ဖော်ခြင်း၊ ထိုင်သပိတ် ဆင်နွဲခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းလှုပ်ရှားမှုများကို ၈၈မျိုးဆက်အဖွဲ့အပါအဝင် အဖွဲ့အစည်းအချို့ကလည်း ထောက်ခံကြောင်း ကြေငြာခဲ့သည်။

ကျောင်းသားသမဂ္ဂအဖွဲ့များက နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး ထိုအစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း အစိုးရက အတည်ပြု ပြဋ္ဌာန်းလိုက်သည့် အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ကာ ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ပညာရေး ဥပဒေတစ်ရပ် ပေါ်ထွက်လာရေး တိုက်ပွဲဝင်ကာ ကြိုးပမ်းမည်ဟု ကြွေးကြော်ထားသည်။

No comments: