Tuesday, November 25, 2014

လင်မယားချင်း ရန်ဖြစ်ပြီး ဇနီးဖြစ်သူ အဆိပ်သောက် သေဆုံး

ကျော်စိုးမိုး

အရက်သောက်သည့် ကိစ္စဖြင့် လင်မယားချင်း ရန်ဖြစ်ပြီး ဇနီးဖြစ်သူ အဆိပ်သောက် သေဆုံးခဲ့သည့် ဖြစ်စဉ် တစ်ခု နိုဝင်ဘာ ၁၄ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်က တိုက်ကြီးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ တိုက်ကြီးမြို့နယ်၊ အိုးတန်း ရပ်ကွက်၊ ဇေယျာသီရိ (၂) လမ်းတွင်နေထိုင်သည့် လင်မယားနှစ်ဦး သည် အိမ်တွင် စားစရာမရှိဘဲ ခင်ပွန်းဖြစ်သူက အရက်သောက်သဖြင့် လင်မယားနှစ်ဦး စကားများ ရန်ဖြစ်ကြသည်။

ထိုသို့စကားများ ရန်ဖြစ်ကြပြီး ခင်ပွန်းဖြစ်သူမှာ အပြင်သို့ခေတ္တ ထွက်သွားချိန်တွင် အသက် ၁၈ နှစ်အရွယ် ဇနီးဖြစ်သူမှာ ပိုတက်သောက်ကာ ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးသွားခဲ့သဖြင့် အလောင်းကို တိုက်ကြီးဆေးရုံသို့ ပို့ဆောင်ပြီး စစ်ဆေးလျက်ရှိသည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန် ဒု-ရဲအုပ် မင်းအောင် က တရားလိုပြု တိုင်တန်းပြီး တိုက်ကြီးမြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၂၈/၁၄) ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။

No comments: