ကြယ်ပြာ
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်း မြန်မာနှင့် တရုတ် နှစ်နိုင်ငံ နယ်စပ်မြေပိုင် နက်ကိစ္စအငြင်း ပွားနေခြင်းကို ပြည် နယ်အစိုးရက တိုက်ရိုက်ဖြေရှင်းမည် မဟုတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးဌာန ကသာလျှင် သံတမန်နည်းဖြင့် ဖြေရှင်းသွားရန် စီစဉ်ထားပြီး ဖြစ်သည်ဟု ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က မဇ္ဈိမကို ပြောသည်။
တရုတ် နိုင်ငံဘက်မှ မြန်မာနိုင်ငံ ပိုင်နက်အတွင်းရှိ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကျေးခွန်၊ မန့်နောင် နှင့် ကုန်းဆာရွာတို့တွင် နယ်မြေကျူးကျော် နေခြင်းကို မြန်မာနိုင်ငံမှ မြေစာရင်း ဦးစီးဌာနက မေလ အတွင်း နယ်မြေများ ပြန်လည် တိုင်းတာကာ ထိုမြေများကို တရုတ်မြေအဖြစ် သတ်မှတ် ပေးခဲ့ခြင်း ကြောင့် ဒေသခံများနှင့် အစိုးရအကြား အငြင်းပွားမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
အတွင်းရေးမှူး ဦးမြင့်အောင်က “ဒါက ပြည်နယ်နဲ့ မဆိုင် တော့ဘူး။ နှစ်နိုင်ငံ ဆက်ဆံရေး ဖြစ်တော့ နိုင်ငံ ခြားရေး ၀န်ကြီးဌာန ကနေ နှစ်ဖက် သံတမန် အဖွဲ့ အစည်းတွေနဲ့ နယ်စပ်တိုင်းတာရေး လုပ်ပြီးမှပဲ ဘယ်သူ မှားတယ်မှန်တယ်ဆိုတာ သိနိုင်မှာပါ” ဟု ပြောသည်။
ယင်းကိစ္စကြောင့် ဇွန်လ ၂၈ရက်က ရှမ်းပြည်နယ် ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ အဖွဲ့သည် ထိုဒေသခံများ နှင့် နမ့်ခမ်းမြို့ပေါ်တွင် တွေ့ဆုံခဲ့ပြီးနောက် တရုတ်မြေ အဖြစ် သတ်မှတ်ခံရသည့် ကုန်းဆာရွာသို့ သွားရောက် ကြည့်ရှုခဲ့ရာတွင် ၀န်ကြီးချုပ်က ယာယီစိုက်ထူထားသည့် တရုတ်-မြန်မာ နယ်စပ် နယ်ခြားတိုင်များကို ဖယ် ရှားပစ်ရန် ညွှန်ကြားခဲ့သည်။
ထို့နောက်တွင်လည်း ပြည်ထောင်စု လွှတ်တော်ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေးတွင် မူဆယ်မြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းဘိုးအောင် က နိုင်ငံတော်နယ်နိမိတ်ထိပါးစေမည့် အရေးကာကွယ် ရန် နှစ်နိုင်ငံစာချုပ်နှင့်အညီ တိုင်းတာဆောင်ရွက်ရန်နှင့် မိမိပိုက်နက် နယ်မြေဆုံးရှုံးစေမည့် ကိစ္စလုပ် ဆောင်ကြသည့် မိမိနိုင်ငံသားများအား ထိရောက်စွာအရေးယူရေးတို့ကို အဆိုတင်သွားခဲ့သည်။
သို့သော် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၀ဏ္ဏမောင်လွင်က တရုတ်ပိုင်မြေထဲတွင် မြန်မာ တို့က မြေဧက ၄၂ ဧကခန့် ကျူးကျော်ကာ စိုက် ပျိုးရေးလုပ်နေကြောင်းနှင့် နှစ်နိုင်ငံနယ်နိမိတ် မျဉ်းတိုင်းတာ စဉ်က ထိုရွာများ တစ်လျှောက်တွင်နေသည့် လူကြီး၂၃ ဦးအား ခေါ်ယူရှင်းပြခဲ့ပြီးနောက်မှ သာ လျှင် တိုင်း တာခဲ့ခြင်းဖြစ်သည်ဟု လွှတ်တော်တွင် ပြန်လည်ဖြေဆိုခဲ့သည်။
ဝန်ကြီးချုပ် လာသွားပြီးနောက်တွင် ပြေလည်သွားပြီဟု ဒေသခံများက ယူဆခဲ့သော်လည်း ယခု နိုဝင်ဘာ လအတွင်း မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး၏ ညွှန် ကြားချက်အရ၊ နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူးက အငြင်းပွား နေရာများတွင် ဒေသခံများ စိုက်ပျိုးရေး လုပ်ငန်းများမလုပ်ရန် တားမြစ်စာ ထုတ်ပြန်ခဲ့ခြင်း ကြောင့် ဒေသခံ များ၏ သဘောမတူမှုများ ပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည်ဟု နမ့်ခမ်းမြို့နယ် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး စိုင်းအောင်ဝင်းက ဆိုသည်။
စိုင်းအောင်ဝင်းက “လွှတ်တော်မှာ ပြည်ထောင်စုဝန်ကြီးဖြေခဲ့သလို နယ်နိမိတ်မျဉ်းတိုင်းတုန်းက ရွာသား တွေ သိတယ်ဆိုတာ လုံးဝမဟုတ်ဘူး။ မသိကြောင်း ရွာသားတွေ အားလုံးကထွက်ဆို ပေးနိုင်တယ်။ သူ တို့ သတ်မှတ်ပေးတိုင်း ဒေသခံတွေက လက်ခံမပေးနိုင်ဘူး” ဟု ပြောသည်။
ဒေသခံများက ထိုမြေများတွင် ဘိုးစဉ်ဘောင်ဆက် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ခြင်းကြောင့် တရုတ် နိုင်ငံ မြေအဖြစ် မပေးလိုသဖြင့် အစိုးရအနေဖြင့် ဖြေရှင်း ပေးရန် တောင်းဆိုနေကာ နမ့်ခမ်းမြို့နယ်မှ နိုင်ငံရေး ပါတီများနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်း များကလည်း လွှတ်တော် ကိုယ်စားလှယ် များမှ တစ်ဆင့် လွှတ်တော်များတွင် ထပ်မံအဆိုတင်သွင်းရန် စီစဉ်နေကြသည်။
ရှမ်းတိုင်းရင်းသား ဒီမိုကရက် တစ်ပါတီ(ကျားဖြူ ပါတီ)မှ အတွင်းရေးမှူး စိုင်းထွန်းလှကလည်း နယ်နိမိတ် သတ်မှတ်ခြင်းအပေါ် ဒေသခံများဖြစ် စေလိုသည့် သဘောထားဆန္ဒများကို ပါတီက လိုက်လံကောက်ယူ စု ဆောင်းထားခဲ့ပြီးဖြစ်ကာ ယခုလ ၂၈ ရက်၌ ပြန်လည်စတင်မည့် ပြည်နယ်လွှတ်တော် အစည်းအဝေး တွင် နမ့်ခမ်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်မှတစ်ဆင့် တင်ပြမည်ဖြစ်ကြောင်း ပြောသည်။
No comments:
Post a Comment