Monday, November 24, 2014

သတ်မှတ်လိုင်စင်မရှိဘဲ နိုင်ငံခြား ခရီးသည် တင်ဆောင်လျှင် ဒဏ်ငွေ အပြင် ဥပဒေအရ အရေးယူမည်

မျိုးသန့်

ပြည်ပခရီးသွားများ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုသည့် တက္ကစီယာဉ်များတွင် သတ်မှတ်လိုင်စင် မရှိလျှင် ဒဏ်ငွေကျပ်ငါးသောင်းနှင့် ပို့ဆက်ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး အဆင့်ရှိသူက ပြောသည်။

“နိုင်ငံခြားခရီးသွား ကြိုပို့လုပ်ငန်းလုပ်ကိုင်သူတွေမှာ သတ်မှတ်လိုင်စင်မရှိရင် ယာဉ်ထိန်းရဲတပ်ဖွဲ့က မြို့တော် စီမံခန့်ခွဲရေးအရ ဒဏ်ငွေကျပ်ငါးသောင်းနဲ့ ပို့ဆက်ဥပဒေအရလည်း အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ပြည်ပခရီးသွားများအတွက် ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနမှ C အခြားလိုင်စင် သီးသန့်အဖြစ် ထုတ်ပေးထားကာ ယင်းလိုင်စင်မဟုတ်ဘဲ တခြားသော လိုင်စင်များဖြင့် ကြိုပို့လုပ်ဆောင်လျှင် အရေးယူမည်ဟု ဆိုသည်။

လက်ရှိတွင် ပြေးဆွဲနေသည့် အငှားယာဉ် နံပါတ်အနီများဖြင့် ပြေးဆွဲနေသူများသည် အငှားယာဉ်ဖြစ်သောကြောင့် မည့်သည့် ခရီးသည်ကိုမဆို ကြိုပို့ပြုလုပ်နိုင်သည်ဟု ယူဆနေကြသော်လည်း အမှန်တကယ်တွင် တင်ဆောင်ခွင့်မရှိသည်ကို သိရှိရန်လိုအပ်သဖြင့် ယခုကဲ့သို့ အရေးယူမှု လုပ်ဆောင်ခြင်းဖြစ်သည်။

တက္ကစီ ယာဉ်မောင်းနှင်သူများက ပြည်ပခရီးသွားများ တင်ဆောင်ရန် ယာဉ်နံပါတ်အပြာရောင်ကို သတ်မှတ်ထားသော်လည်း ယင်းနံပါတ် လျှောက်ထားရာတွင် ကားသေးများကို ချထားပေးခြင်း မရှိကြောင်း၊ ထို့ပြင်အဆိုပါ နံပါတ်ဖြင့်သာ ပြေးဆွဲရမည့် ကန့်သတ်ချက်ရှိခြင်းတို့ကြောင့် အဆင်မပြေကြောင်း ပြောသည်။

တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တစ်လအတွင်း ဝင်ထွက်နေသည့် နိုင်ငံသားဧည့်သည်များ လေးသောင်းကျော်ရှိခဲ့ပြီး လုပ်ငန်းလိုင်စင်ပြုလုပ်သည့် အရေအတွက်မှာ နှစ်သောင်းကျော်ရှိသည်ဟု ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနရှိ စာရင်းများတွင် ဖော်ပြထားသည်။

No comments: