Tuesday, November 18, 2014

ဦးထင်လင်းဦး ပြောဆိုမှုများ တုံ့ပြန်နိုင်ရန် မဘသ ဗဟိုဝန်ဆောင် ဆရာတော်များ ဆုံးဖြတ်မည်

ဟိန်းကိုစိုး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခု၏ စာပေဟောပြောပွဲတစ်ခုတွင် ဗုဒ္ဓဘာသာ အပေါ် ဝေဖန်ခဲ့သည်ဟုဆိုသည့် ဦးထင်လင်းဦး၏ ပြောဆိုမှုများကို တုံ့ပြန်နိုင်ရန် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးဗဟို (မဘသ) ဝန်ဆောင်ဆရာတော်များက အစည်းအဝေးလုပ်ကာ နိုဝင်ဘာ ၁၈ ရက်တွင် ဆုံးဖြတ်သွားမည်ဟု ဗဟိုဦးဆောင်အဖွဲ့ဝင် ဦးက္တွန္ဒာစက္ကာဘိဝံသက မဇ္ဈိမကို မိန့်ကြားသည်။

ဦးက္တွန္ဒာစက္ကာဘိဝံသ က "သူဟောပြောတာက ဒေသနာနည်းအရဆိုရင် အမျိုးသားရေး လုပ်ဆောင်ချက်ကို ပါတီအတွေးနဲ့ မဘသက ပြည်ခိုင်ဖြိုး လက်ကိုင်တုတ်လို့ပြောခဲ့တာ ပါတီတွေကို မပုတ်ခတ်သလို ဘယ်ပါတီကိုမှလည်း အားမပေးဘူး အခုစော်ကားတာက လွန်နေပြီ"ဟု မိန့်သည်။

အဆိုပါ ကိစ္စအတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က အချက်အလက် စုဆောင်းနေပြီး နိုဝင်ဘာ ၁၈ရက်၌ ရန်ကုန်၊ အင်းစိန်ရွာမကျောင်းတွင် ပြုလုပ်မည့် အစည်းအဝေးက ဆုံးဖြတ်သည့် အတိုင်း တုံ့ပြန်မည်ဖြစ်သည်။ အဆိုပါအစည်းအဝေးသို့ မန္တလေးတိုင်းမှ မဘသ ဗဟို ဦးဆောင်သံဃာတစ်ပါးက ဦးထင်လင်းဦး ပြောဆိုသည့် အချက်အလက်များကို စုဆောင်းကာ တင်ပြမည်ဟု ဆရာတော်က မိန့်ကြားသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် ဒေါက်တာ ဇော်မြင့်မောင်က "ဦးထင်လင်းဦး က ပြန်ကြားရေး အဖွဲ့မှာပါတယ် ဆိုပေမယ့် သူပြောခဲ့တာက ပါတီမူဝါဒမဟုတ်သလို သဘောထားလည်း မဟုတ်ဘူး၊ ဒါကိုလည်း ပါတီက ပြည်သူသိအောင်လို့ ပြောပေးပါမယ် စောင့်ကြည့်ပေးပါ"ဟု ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးထင်လင်းဦးက ၎င်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင် "အမျိုးသိပ်ချစ်နေရင် ဘုရားကို မကိုးကွယ်နဲ့တော့ လို့ ပြောခဲ့တယ် ဆိုတဲ့စွပ်စွဲချက်ကို ဖြေရှင်းပါတယ်။ မြတ်စွာဘုရားကိုယ်တော်တိုင်က သိဒ္ဓတ္ထမင်းသားဘဝက အမျိုးအနွယ်ဟာ ငါဘုရား အမျိုးမဟုတ် မင်းကြီး အမျိုးသာလျှင် ဖြစ်တယ် ဆိုတဲ့ စကားတော်ကို ကျွန်တော်ကိုးကားခဲ့ပါတယ်။ ဗုဒ္ဓဘာသာဟာ အမျိုးဇာတ်ကို မခွဲခြားပါဘူး အမျိုးဇာတ်ကို ခွဲခြားနေရင်လည်း ဗုဒ္ဓဘာသာဝင်စစ်စစ် မဖြစ်နိုင်တော့ပါဘူး။ ဗုဒ္ဓဘာသာမှာ နိုင်ငံရေးမပါပါဘူး။ လူမျိုးရေး မပါပါဘူး၊ နိုင်ငံရေးလူမျိုးရေးတွေနဲ့ ရောယှက်လာရင် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်မဖြစ်နိုင်တော့ပါဘူး" စသဖြင့် ဖြေရှင်းထားသည်။

ထို့ပြင် ဟောပြောပွဲများ၌ ၎င်းအနေဖြင့် ဟောများပွဲများတွင် စာရေးဆရာ ထင်လင်းဦး Wisdom Villa အနေဖြင့်သာ ဟောပြောခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်းကိုမျှ ကိုယ်စားမပြုဟုလည်း ဆိုထားသည်။

မဇ္ဈိမက ကာယကံရှင် ဦးထင်လင်းဦးကို နိုဝင်ဘာ ၁၇ ရက် ညနေ ၇ နာရီအချိန်ထိ သီးသန့်မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် စာပေဟောပြောပွဲတွင် ဦးထင်လင်းဦး မပြောကြားမီ အကြောင်းအရာအပေါ် လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်ခဲ့သဖြင့် ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုရှယ် မီဒီယာများအပေါ် ပျံလွှင့်နေသည့် အသံဖိုင်အတွင်းမှ သိရသည်။

အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့သည် နိုင်ငံအတွင်း မျိုးစောင့်ဥပဒေပေါ်ထွက်ရေး အတွက် ကြိုးပမ်းနေသည့် သာသနာ့ ဝန်ဆောင် သံဃာတော်များ ဦးဆောင်ကာ တစ်ပည့်သံဃာတော်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ကြီးဖြစ်သည်။

No comments: