Wednesday, November 19, 2014

အောက်တိုဘာလကုန်အထိ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၁,၀၇၆ လုံးရှိပြီး အခန်းပေါင်း ၄၂,၀၀၀ ကျော်ရှိလာ

သီဟကိုကို

၂၀၁၄ ခုနှစ် အောက်တိုဘာလအထိ မြန်မာတစ်နိုင်ငံလုံးတွင် ဟိုတယ်၊ တည်းခိုရိပ်သာပေါင်း ၁,၀၇၆ လုံးနှင့် အခန်းပေါင်း ၄၂,၀၃၇ ခန်းအထိ ရှိသည်ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ ဟိုတယ်၊ တည်းခိုရိပ်သာပေါင်း ၉၂၃ လုံး၊ အခန်းပေါင်း ၃၄,၈၃၄ ခန်း ရှိရာမှ ၂၀၁၄ ခုနှစ် ၁၀ လတာအတွင်း ဟိုတယ်၊ တည်းခိုရိပ်သာ အသစ် ၁၅၃ လုံး ဖွင့်လှစ်ခဲ့ကာ အခန်းပေါင်း ၇,၂၀၃ ခန်းခန့် တိုးမြင့်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်အထိ ပြည်နယ်နှင့် တိုင်းများ၌ ရန်ကုန်တိုင်းသည် ဟိုတယ်၊ တည်းခို ရိပ်သာ ၂၃၂ လုံး၊ အခန်ပေါင်း တစ်သောင်းကျော်ဖြင့် ဟိုတယ်အလုံးရေ အများဆုံးဖြစ် သော်လည်း ယခုနှစ်တွင် မန္တလေး တိုင်း၌ ဟိုတယ်နှင့် တည်းခိုရိပ်သာ အများဆုံးရှိ လာသည်။

ယခုနှစ်တွင် မန္တလေးတိုင်း၌ ဟိုတယ်၊ တည်းခိုရိပ်သာပေါင်း ၃၂၉ လုံးနှင့် အခန်းပေါင်း ၁၄,၀၀၀ ကျော်အ ထိ ရှိလာပြီး ရန်ကုန်တိုင်းတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၂၇၉ လုံးနှင့် အခန်းပေါင်း ၁၂,၇၉၄ ခန်းရှိ သည်။

ဟိုတယ်များ ဖွင့်လှစ်မှုများပြားသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရှမ်းပည်နယ်၌ ဟိုတယ် အလုံး ၂၀၀ နှင့် အခန်း ပေါင်း ၆,၁၈၂ ခန်း၊ ဧရာဝတီတိုင်းတွင် ဟိုတယ် ၅၄ လုံးနှင့် အခန်းပေါင်း ၂,၂၅၄ ခန်း၊ ပဲခူးတိုင်းတွင် ဟိုတယ် ၄၂ လုံးနှင့် အခန်းပေါင်း ၁,၁၃၄ ခန်းရှိသည်ဟု ၀န်ကြီးဌာန၏စာရင်းများတွင် ဖော် ပြထားသည်။

တစ်နိုင်ငံလုံးရှိ ဟိုတယ်များတွင် ပြည်တွင်းဟိုတယ် ၁,၁၂၄ လုံးနှင့် အခန်းပေါင်း ၃၆,၆၅၂ ခန်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ် ၂၆ လုံးနှင့် ၃,၉၃၈ ခန်း၊ ပြည်တွင်း ပြည်ပဖက်စပ်ဟိုတယ် ငါးလုံး၊ ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနပိုင် ဟိုတယ် အလုံး ၂၀ တို့ရှိသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များမှာ ရန်ကုန်တွင် ဟိုတယ် ၂၁ လုံးနှင့် အခန်း ပေါင်း ၃,၁၄၇ ခန်း၊ မန္တလေးတွင် ဟိုတယ်လေးလုံးနှင့် အခန်းပေါင်း ၆၆၁ ခန်း၊ ပုဂံ တွင် ဟိုတယ် တစ်လုံး၊ တာချီလိတ်တွင် ဟိုတယ် သုံးလုံး၊ ကော့သောင်းနှင့် မြိတ်တွင် ဟိုတယ် သုံးလုံးတို့ ဖြစ်သည်။

ယခုနှစ် အောက်တိုဘာလကုန်ပိုင်း အထိ နိုင်ငံခြားသားခရီးသွား ၂ ဒသမ ၄ သန်းကျော် ဝင်ရောက်လာ ခဲ့ပြီဖြစ်ပြီး ယခင်နှစ် ထက် နိုင်ငံခြားသား ခရီးသွား ရှစ်သိန်းကျော် ပိုမိုများပြားခဲ့သည်။

No comments: