မာန်ယုကျော် (ရွှေဝမြေ)
နိုဝင်ဘာလ ၁၉ ရက်နေ့က မြန်မာ့တပ်မတော်တပ်စခန်းက KIA ဗိုလ်သင်တန်းကျောင်းသို့ လက်နက် ကြီးဖြင့်ပစ်ခတ်၍ တိုင်းရင်းသား ဗိုလ်လောင်းများ သေဆုံးခဲ့ရသည့် ဖြစ်ရပ် အပေါ် ရှုတ်ချကြောင်း ရခိုင်အမျိုးသားပါတီ(ANP)က နိုဝင်ဘာလ ၂၂ ရက်စွဲဖြင့် သဘော ထားထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်သည်။
KIA ဗိုလ်သင်တန်းကျောင်းမှ တိုင်းရင်းသားသင်တန်းသား ၂၃ ဦးကျဆုံးပြီး ၂ဝ ဦးအထိ ထိခိုက်ဒဏ် ရာရရှိခဲ့သည့် အဆိုပါ ဖြစ်ရပ်မှာ ပြည်တွင်းစစ်ပြဿနာကိုတွေ့ဆုံဆွေးနွေးကာ နိုင်ငံရေးအရအဖြေရှာနိုင်ရန်ကြိုးပမ်းနေကြစဉ် ကာလ အတွင်း လုံးဝမဖြစ်သင့်မဖြစ်ထိုက်သောကိစ္စတစ်ရပ်ဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီက ထုတ်ပြန်ချက်တွင်ဆိုထားသည်။
“ဒီလောက်ကြီးမားတဲ့ လက်နက်အမျိုးအစားကြီးတစ်ခုဟာ ဒီလောက်လုံခြုံတဲ့၊ လျှို့ဝှက်တဲ့နေရာတစ်ခုကို ပစ်မှတ်အဖြစ် ရောက်သွားရတယ်ဆိုတာက မတော်တဆဆိုတဲ့ စကားလုံးနဲ့ မဆီလျော် မတန်ပါဘူး”ဟု ရခိုင်အမျိုး သားပါတီ၏ ဒုတိယ ဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဒေါ်အေးနုစိန်က နိရဉ္စရာသို့ပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကြိုးပမ်းနေကြစဉ်ကာလအတွင်း မြန်မာ့တပ်မတော်နှင့်အခြားသော လက်နက်ကိုက်အဖွဲ့အစည်းများသည် လက်ဦးမှုရယူလိုမှုများ၊ ရန်လိုတိုက်ခိုက်မှုများကို လုံးဝရပ်စဲပြီး ပြည်ထောင်စု တိုင်းရင်းသားများအချင်းချင်း ယုံကြည်စိတ်ချကာ ချစ်ကြည်လေးစားစွာအတူယှဉ်တွဲနေထိုင်နိုင် သည့် တန်းတူသောစစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် အမြော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်သွားကြရန်လည်း ရခိုင်အမျိုးသားပါတီက ယင်းတို့၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
ယခုဖြစ်စဉ်ကြောင့်သေဆုံးသွားခဲ့သည့် ဗိုလ်လောင်းများတွင် ရက္ခိုင့်တပ်မတော်မှ ဗိုလ်လောင်း ၈ ဦး လည်း သေဆုံးရာတွင် ပါဝင်သွားခဲ့ပြီး နောက်ထပ် ရခိုင် ဗိုလ်လောင်း ၅ ဦးမှာလည်း ဒဏ်ရာ ရရှိသွားကြောင်း ရခိုင်အမျိုးသား ပါတီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“တိုက်လို့သေရတာဟာ တော်လှန်ရေးသမားတစ်ယောက်အတွက် အဆန်းမဟုတ်သလို စစ်သားတစ် ယောက်အတွက် အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုကြွေလွင့်သွားရတဲ့အတွက် ယူကြုံးမရဖြစ်ရတယ်”ဟု ဒေါ်အေးနုစိန်က ဆိုသည်။
ယင်းဖြစ်စဉ်တွင်ကျဆုံးဒဏ်ရာရသွားကြသော အဆိုပါရခိုင်တိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသား သင်တန်းသားများ အတွက် ယင်းတို့၏မိသားစုများနှင့် ထပ်တူ ရခိုင်အမျိုးသားပါတီက ဝမ်းနည်းကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

No comments:
Post a Comment