Monday, November 24, 2014

လိုင်ဇာဗိုလ် သင်တန်းကျောင်း မှကျဆုံး ဗိုလ်လောင်း များအတွက် ပြည်တွင် ရှေ့နေ တစ်ဦး ဆုတောင်း

ရေခဲ (ပြည်)

တပ်မတော်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော KIA ဗိုလ်သင်တန်းမှ စစ်သင်တန်းသားများအတွက် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့လမ်းမတော်လမ်းရှိ ကင်းဘုရားနှင့် ဆွေးနွေးဘုရားတို့တွင် နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆုတောင်းမေတ္တာ ပို့သခဲ့သည်။

“ကောင်းရာမွန်ရာရောက်ပါစေဆိုပြီး ကင်းဘုရားမှာဆုတောင်းတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ကြပါဆိုပြီး ဆွေးနွေးဘုရားမှာ ဆုတောင်းတယ်” ဟု ဆုတောင်းမေတ္တာပို့သူ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောသည်။

နိုဝင်ဘာ ၁၉ရက်က အစိုးရ၏ ခမရ ၃၈၉တပ်မှ ၁၀၅မမ လက်နက်ကြီးကျ၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)ဌာနချုပရှိရာ လိုင်ဇာဒေသရှိ ဗိုလ်သင် တန်းကျောင်းပေ ကျရောက်ကာ စစ်ရေးလေ့ကျင့်နေသည့် ဗိုလ်လောင်း ၂၃ဦး သေဆုံးကာ ၂၀ဦး ဒဏ်ရာရခဲ့သည်။

ယင်းဖြစ် ရပ်နှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ်မှ ပြန်လည်တောင်း ပန်ရန်၊ လွှတ်တော်တွင် အရေးကြီး အဆို တင်သွင်း ကန့်ကွက် ရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အမြန်ဆုံးကျင်းပရန် လိုအပ်သည်ဟုလည်း ၎င်းက တိုက်တွန်းလိုက်သည်။

ဆုတောင်းခြင်းကို နိုဝင်ဘာ ၂၃ရက် နံနက် ၉နာရီတွင် တရားလွှတ်တော်ရှေ့နေဦးမြင့်အေးက ပြည်မြို့၊ တပ်လမ်းရှိ ၎င်း၏နေအိမ်မှ တစ်ဦးတည်း ပန်းစည်း ကိုင်ချီတက်ကာ ကင်းဘုရားနှင့် ဆွေးနွေးဘုရားတို့တွင် ဆုတောင်းမေတ္တာ ပို့သခဲ့သည်။

နိုဝင်ဘာ ၂၃ရက် နံနက်က ရန်ကုန်တွင်လည်း ကျဆုံးဗိုလ်လောင်းများအတွက် တိုင်းရင်းသားများက စမ်းချောင်းပဒုမ္မာကွင်းအနီးမှ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC)သို့ လမ်းလျောက်ကာ MPCရှေ့တွင် ပန်းစည်းများချ၍ ဆုတောင်းပွဲ ပြုလုပ်ခဲ့သေးသည်။

No comments: