မင်းဟိန်းထက်
စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်၏ အလောင်းဆေးစစ်ချက် အပြည့်အစုံကို ဥပဒေအရ သတင်းထုတ်ပြန်ပေးခွင့်မရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးစိန်ဝင်းက နိုဝင်ဘာ ၁၈ ရက်တွင် မဇ္ဈိမကိုပြောသည်။
ကိုပါကြီး အလောင်းဆေးစစ်ချက်ကို သတင်းအဖြစ် တင်ပြရန်အတွက် သတင်းထုတ်ပြန်ပေးပါရန် မဇ္ဈိမသတင်းဌာန၏ တောင်းခံခြင်း ကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ဥပဒေအရ သတင်းထုတ်ပြန်ခွင့် မရှိသလို ပေးလို့လည်းမရပါဘူး။ လူ့အခွင့်ရေးကော်မရှင်က ဆက်ဆောင်ရွက်ရမယ့် အပိုင်းပါ” ဟု ကျန်းမာရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးစိန်ဝင်းက ပြောသည်။
အဆိုပါ ကိုပါကြီးအလောင်း ဆေးစစ်ချက်ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သို့ ပေးပို့ထားပြီး ကော်မရှင်သို့သာ မေးမြန်း ရန် ၎င်းက ဆိုသည်။ ထို့ပြင် ပြည်ထောင်စု အစိုးရ အဖွဲ့ထံသို့လည်း ပေးပို့ထားသည်ဟု ဆိုသည်။
ကိုပါကြီးအလောင်းဆေးစစ်ချက်မှာ စာမျက်နှာ ၁၀ မျက်နှာကျော် ပါရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်း ဆေးစစ်ချက်ကိုထုတ်ပြန်ပေးရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ မေးမြန်းခဲ့သော်လည်း ထုတ်ပြန်ပေး၍မရဘဲ ကျန်းမာရေးဝန်ကြီးဌာနကိုသာ ဆက်သွယ်ရန်နှင့် ကော်မရှင်၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြပေးမည်ဟု ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်က မဇ္ဈိမကို ပြောသည်။
“သေနတ်ဒဏ်ရာ ငါးချက်ကြောင့် သေဆုံးတယ်လို့ ဆေးစစ်ချက်မှာပါပါတယ်။ ဒီလောက်ပဲ ပြောလို့ရပါတယ်” ဟု ၎င်းကပြောသည်။
ကိုပါကြီး အလောင်းအား မြုပ်ထားသည့် နေရာမှတူးဖော်ကာ မော်လမြိုင်ဆေးရုံကြီးတွင် စစ်ဆေးရာတွင် မေးစေ့ကို အနီးကပ် ပစ်ထားသော သေနတ် ဒဏ်ရာတစ်ချက် ရင်ဘတ်၊ နောက်ကျောတွင် တစ်ချက်၊ ပေါင်တွင် နှစ်ချက် စုစုပေါင်း သေနတ်ဒဏ်ရာ ငါးချက် တွေ့ရှိသည်ဟု စစ်ဆေးခဲ့သည့် မှုခင်းဆိုင်ရာ ဆရာဝန်များ နိုဝင်ဘာ ၆ ရက်တွင် ပြောဆိုခဲ့ပြီး အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။
No comments:
Post a Comment