Wednesday, November 26, 2014

FMI ကုမ္ပဏီက နေပြည်တော်တွင် ကွန်ဒိုမီနီယံစီမံကိန်းတစ်ခု တည်ဆောက်မည်

ထင်လင်းအောင်

အက်ဖ်အမ်အိုင် ကုမ္ပဏီက နေပြည်တော်တွင် ကွန်ဒိုမီနီယံစီမံကိန်းတစ်ခုကို ထပ်မံအကောင်အထည် ဖော်နိုင်ရေး စင်္ကာပူအခြေစိုက် Krislite ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်း တည်ဆောက်သွားမည်ဖြစ်သည်ဟု ကုမ္ပဏီဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောသည်။

Kris Plaza အမည်ရှိ ၎င်းကွန်ဒိုမီနီယံစီမံကိန်းကို တည်ဆောက်ခြင်းသည် FMI ကုမ္ပဏီမှ ဆောက်လုပ်လျက်ရှိသော အိမ်ရာစီမံကိန်းများကို ရန်ကုန်မြို့အပြင် နေရာဖြန့်ကျက်တိုးချဲ့ခြင်းဖြစ်သည်ဟု နိုဝင်ဘာ ၂၃ ရက် က ကျင်းပခဲ့သော ကုမ္ပဏီနှစ်ပတ်လည် အစည်းအဝေး တွင် ပြောခဲ့ခြင်းဖြစ်သည်။

ဦးသိမ်းဝေ က “ နောက်ထပ် ငါးနှစ်အတွင်း FMI ကုမ္ပဏီ အနေနဲ့ အိမ်ရာတည်ဆောက်ရေး စီမံကိန်း အသစ်တွေအများကြီး ထပ်ပြီးပေါ်ပေါက် လာပါလိမ့်မယ်” ဟု ပြောသည်။

၎င်းကုမ္ပဏီသည် အိမ်ရာစီမံကိန်းများကို တိုးချဲ့ဆောင်ရွက်ရန် စီစဉ်နေလျက်ရှိရာ ရန်ကုန်မြို့ရှိ ပန်းလှိုင်ဂေါက်ကွင်း အိမ်ရာ၊ ကြယ်စင် အိမ်ရာနှင့် FMI စီးတီးအိမ် စီမံကိန်းများအပြင် နေပြည်တော်သို့ ထပ်မံတိုးချဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

သို့ရာတွင် အိမ်ရာတည်ဆောက်ရေးလုပ်ငန်းအများစုသည် FMI ကုမ္ပဏီတစ်ခုတည်းအနေဖြင့် တည် ဆောက်ခြင်းထက် အခြားသော ကုမ္ပဏီများနှင့် အကျိုးတူဖက်စပ်ဆောင်ရွက်မှုများသာ ပိုမိုများပြားလာမည်ဖြစ်သည်ဟု ဦးသိမ်းဝေက ဆိုသည်။

ဦးသိမ်းဝေက“ အိမ်ရာတည်ဆောက်ရေး စိမံကိန်းအများစုဟာ ရင်းနှီးမြုပ်နှံမှုပမာဏ ကြီးမားပါတယ်။ အလားအလာကောင်းတဲ့ စီမံကိန်းတွေကို ရင်းနှီးမြုပ်နှံသွားဖို့အတွက်က ငွေကြေးအရင်းအနှီးပိုမိုလိုအပ်တယ်။ နောက်ပိုင်းကိုလည်း ဖက်စပ်လုပ်ငန်းတွေအနေနဲ့ ဆက်လုပ်သွားဖို့ မျှော်လင့်ထားပါတယ်”ဟု ပြောသည်။

အဆိုပါ Kris Plaza ကွန်ဒိုမီနီယံ စီမံကိန်းသည် နေအိမ်အခန်းပေါင်း ၁၁၄ ခန်း ပါဝင်မည်ဖြစ်ပြီး ရိုးမဘဏ်၏ နေပြည်တော်ဌာနချုပ်တစ်ခုကို ထားရှိသွားမည်ဟု ဆိုသည်။ သို့ရာတွင် စီမံကိန်းနှင့် သက်ဆိုင်သည့် ရင်းနှီးမြုပ်နှံမှု ပမာဏကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

အကျိုးတူဖက်စပ်လုပ်ငန်းအဖြစ်ပါဝင်သည့် Krislite ကုမ္ပဏီသည် နိုင်ငံတကာဈေးကွက်သို့ လျှပ်စစ်မီးများနှင့် သက်ဆိုင်သည့် ကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချလျက်ရှိသည့် စင်ကာပူနိုင်ငံအခြေစိုက်ကုမ္ပဏီ တစ်ခုဖြစ်သည်။ ထို့အတူ ထိုင်း၊ တရုတ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် သြစတေးလျနိုင်ငံများ၌လည်း ဟိုတယ်လုပ်ငန်းနှင့် အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းများတွင် ဖက်စပ်လုပ်ငန်းများအပြင် တိုက်ရိုက် ရင်းနှီးမြုပ် နှံမှုများလုပ်ကိုင်လျက်ရှိသည်ဟု ကုမ္ပဏီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments: