Wednesday, November 19, 2014

မူးယစ်မှုဖြင့်ချိတ်ပိတ်ခံရသည့် GLG ဆီဆိုင် ပိုင်ရှင်ဖမ်းမိရေး အာဏာပိုင်များ ရှာဖွေစစ်ဆေး

သျှမ်းသံတော်ဆင့်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံ မြို့နယ်ဟွေ့အော့ကျေးရွာ အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင် တရုတ် တဦး ပိုင်ဆိုင်သည့် ပစ္စည်းများ အားလုံးအား ဝ တပ်ဖွဲ့နှင့် အစိုးရတို့ ပူးပေါင်းချိတ် ပိတ်လိုက် သည့်နောက် ၎င်းအား ဖမ်းဆီး နိုင်ရေးအတွက် ယနေ့တိုင် လိုက်လံ စစ်ဆေး မှုပြု နေဟုဆိုသည်။

ဓါတ်ဆီဆိုင်၊ ရာဘာခြံ၊ အုတ်လုပ်ငန်းရှင် အားလီ ခေါ် အားကွမ်း ဆိုသူကို မူးယစ်ထုံထိုင်း စေတတ်သော ယာအိုက်စ်၊ ယာဘဆေးပြား၊ ဘိန်းဖြူ နှင့် တခြားမူးယစ်ဆေးဝါးများအား ဗီဂို့ ကား နှစ်စီးဖြင့် ပူနားကိုမှတဆင့် မိုင်းတွမ်းသို့ ဘိလပ်မြေအိပ်ဝင်တင်ရာ ခမယ ၅၅၃ က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ပိုင်ရှင်ဖြစ်သူ တရုတ်အမျိုးသား အားကွမ်း(ခေါ်) ဦးအိုက်လီ မှာ မိုင်းတွမ်းရွာအထွက် လိမ္မော်ခြံအနီးတွင် ထွက်ပြေးလွတ်မြောက် သွားကြောင်း နီးစပ်သူ တဦးက သျှမ်းသံတော်ဆင့်အားပြောသည်။

“ချိတ်ပိတ်တဲ့ဟာတွေက ဝေရှော့ယင်ဟာတွေမဟုတ်ဘူး။ ဦးအာကွမ်း ခေါ် အိုက်လီ ရဲ့ ဟာ တွေပါ။ သူက Green Land Group ဓါတ်ဆီဆိုင်ပိုင်ရှင်လေ။ ဒေသခံအာဏာပိုင်နဲ့ တော့ ပိုင်တယ်သူက။ အကုန်ကျွေးထားနိုင်တယ်လေ” - ဟု အမည်မဖေါ်လို သည့်မိုင်းတွမ်းသား တဦး က ပြောသည်။

သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ ဦးအိုက်လီ သည် ထိုင်းနိုင်ငံထဲသို့ တိမ်းရှောင်လွတ်မြောက်နေသည်ဟု ဆိုပါသည်။

‘ဦးအိုက်လီ ထွက်ပြေးလွတ်မြောက်သွား တာဟာ မယုံချင်စရာဘဲ၊ မိုင်းတွမ်းကနေ ထွက် လာ တုန်းက သူပါလာတယ်။ လိမ္မော်ခြံနားရောက်တော့ ပျောက်သွားတယ်။ ဒါက သူမကျွေးမွေး ထားနိုင်ရင် ဘယ်သူက လွတ်ပေးမလဲ၊ စဉ်းစားစရာပါ” - နီးစပ်သည့် နားကောင်းမူးရွာခံတဦးက ပြောသည်။

ခရီးသွားတွေကို စစ်ဆေးတာက တပိုင်းပေါ့၊ အဓိကကတော့ အိုင်အက်စ်လို့ ယူဆနိုင်တဲ့ မွတ်စလင် ဘာသာဝင်ကိုးကွယ်တဲ့ ခရီးသွားတွေကို စစ်တာ၊ နောက်တခုက အဲဒီ အားကွမ်း ဆိုတဲ့သူကိုရှာ တာ။ သူတို့ ကားပေါ် လှမ်းကြည့်လိုက်ရုံသိနိုင်တယ်ဆိုပဲ။ သူတို့မှာ ဓါတ်ပုံရှိ တယ်တဲ့။ အဲတာတောင်မှ ထွက်ပြေး လွတ်မြောက်တယ်ဆိုတဲ့ကိစ္စ သံသယ ဖြစ်စရာပေါ့” - ဟု မိုင်းတုံ ဘီပီဝမ်း ထိုင်းနယ်စပ်ဘက် သွားလာသည့် ခရီးသွား စိုင်းအိုက်ခမ်း က ပြောသည်။

No comments: